လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

ဆရာတော်များ၏ဂုဏ်ကျေးဇူးများအားခြေတော်ဦးခိုက် ရှိခိုးကန်တော့ပါ၏ဘုရား

ဆရာလေးနှင့် သုကုမာရ

လယ်တီဆရာတော်ဘုရားကြီး၏ သုကုမာရဘာသာကို ဆရာလေးသီလရှင် ဝတ်တဲ့နှစ်မှာ စပြီးသင်ခဲ့ရပါတယ်၊သီလရှင်ဝတ်စတုန်းကတော့ မပျှော်ရင် ၁နှစ်တော့ဝတ်မယ်၊ ပျှော်ရင်တော့ ၃ နှစ်ဆိုပြီးတော့ပေါ့၊ သီလရှင်ဝတ်မယ်ပြောတော့ အားလုံးကသဘော မတူပါဘူး၊ အတိတ်ကရေစက်ကြောင့်လားတော့အသိဘူး၊ အခုသီလရှင်ဝါ- ၁၃-ဝါရှိသွား ပါပြီ၊ သုကုမာရဘာသာက မူလတန်းတုန်းကသင်ခဲ့ရတာပါ၊ အရမ်းစိတ်ဝင်စားတယ်၊ ဘာကြောင့်လည်းဆိုတော့ ကဗျာလေးတွေလိုကျက်ပြီး မှတ်ရလို့ပါ၊ စာပြန်တော့မယ်ဆို အလုအယက်ဘဲ ၊ဘယ်လောက်စိတ်ဝင်စားသလဲဆိုတော့ ၊ သီလရှင်ဘဝလေးမြဲသွား တာလဲ သုကုမာကြောင့်လို့ဘဲဆိုချင်ပါတယ်၊ အားလုံးလည်းသုကုမာရကို ဖတ်ဖြစ်အောင် ဖတ်စေချင်ပါတယ်။

သုခကာမီ ပညာရေးကျောင်း ကထိန်ပွဲ

2009년 12월 3일 목요일

မန်လည်ဆရာတော်ဘုရားကြီးရဲ့ "မဃဒေ၀လင်္ကာသစ်"

ကျိုးပြစ်မသိ၊ မရှိဥာဏ၊ မိုက်ဝါဒနှင့်၊ လူ့ဗာလမျိုး၊ လနေမိုးကို၊ မျက်ငြိုးငြူစူ၊ ဆဲရေးမူလည်း၊ ဆဲသူလူနွမ်း၊ သွမ်းသာသွမ်း၏၊ သွားလမ်းအညီ၊ ရာသီပက္ခ၊ ကာလမရွေ့၊ သာလေ့ပူလေ့၊ ရွာမြဲလေ့တိုင်း၊ ပြကတေ့အရိုး၊ လနေမိုးတို့၊ နွမ်းညှိုးဂုဏ်ဝါ၊ ဘယ်ပျက်ရာလိမ့်။ (ပုဒ်ရေ ၂၆၃)

လောင်ခြစ်ပွက်ဆူ၊ မျက်ထွက်သူကို၊ တုံ့မူအမျက်၊ ပြန်မထွက်က၊ အောင်ခက်နိုင်ခဲ၊ စစ်မြေထဲဝယ်၊ အောင်ပွဲရသည်၊ သူဟုမည်ရှင့်၊ မကြည်စိတ်စက်၊ အမျက်ထွက်သူ၊ ထိုသည့်သူနှင့်၊ အတူပြန်လျက်၊ မျက်မာန်ထွက်သော်၊ ရှေ့ထက်နောက်လူ၊ မိုက်သောဟူ၏။ (ပုဒ်ရေ ၂၆၃)

မူနည်ယုတ်မာ၊ ကြမ်းကြုတ်စွာဖြင့်၊ ဣသာသဘော၊ ပြန့်ပြောများသူ၊ ခွေးနှင့်တူ၏၊ ခွေးဟူတုံက၊ လှမလှနှင့်၊ ဟီနဥက္ကဋ္ဌ်၊ ယုတ်မြတ်လူရှင်၊ ပျိုအိုသွင်လည်း၊ မြင်မြင်သမျှ၊ သွားကိုပြ၍၊ ဒေါသမျက်ဆူ၊ ဟိန်းငြူစူ၏။ (ပုဒ်ရေ ၂၃၅)

လောဘဒေါသ၊ မောဟအဟုန်၊ ဆတ်ဆတ်ခုန်၍၊ သည်းတုန်အူလှိုက်၊ မမူထိုက်ရှင့်၊ သူမိုက်သဘော၊ စရိုက်ပြောလျက်၊ ကုဒ္ဓေါဓမ္မံ နဇာနာတိ၊ အစရှိသား၊ ပါဠိဒေသနာ၊ ဟောမိန့်မှာတိုင်း၊ မှန်စွာစင်စစ်၊ ဒေါသဖြစ်က၊ ကျိုးပြစ်တရား၊ မသိငြားဘူး။ (ပုဒ်ရေ ၂၃၄)

ရထားစက်ဟုန်၊ လည်သုန်သုန်ကို၊ မတုန်မလှုပ်၊ တည်စေချုပ်သို့၊ ဟုပ်ဟုပ်အမျက်၊ ကောဓစက်ကို၊ ဥာဏ်လက်သိမ်းအုပ်၊ လည်မလှုပ်အောင်၊ ထိန်းချုပ်နိုင်ငြား၊ ထိုသူ့အားလျှင်၊ ဘုရားတကာ၊ အရိယာတို့၊ လွန်စွာ မငြီး၊ ဘ၀ဂ်တီးအောင်၊ ကောင်းချီးခေါ်ပြု၊ သာဓုထပ်မျှ၊ ချီးမွမ်းကြ၏။ (ပုဒ်ရေ ၂၃၄)

ဗာလအလို၊ သ၀န်တိုနှင့်၊ ကိုယ်ကိုထောင်လွှား၊ အမြတ်ထား၍၊ သူ့အားနှိမ့်ချ၊ ပြုတတ်ကြမူ၊ မလှကျိုးမဲ့၊ ဂုဏ်ချို့တဲ့လျက်၊ ကဲ့ရဲ့ဘေးဒဏ်၊ ကိုယ်ကိုပြန်ပြီး၊ ဧကန်မုချ၊ ဒုက္ခကိုယ်မှာ၊ ရောက်တတ်စွာခဲ့…. (ပုဒ်ရေ ၂၀၃)

2009년 8월 9일 일요일

ကောလာဟလငါးပါးအကြောင်း

ကောလဟာလဟူသည် အုတ်အုတ်ကျက်ကျက် ဤသို့ဖြစ်တော့မည်တဲ့ဟု မဖြစ်မီကကြိုတင်၍ သတင်းစကား
တစ်ဦး နှစ်ဦးကစ၍ အများအပြားစုပေါင်းကာ စကားတူ အသံတူ ရုတ်ရုတ်ရက်ရက် ပြောဆိုကြခြင်းမျိုးကို ဆိုလို
ပါသည်။
ဤအရာတွင် နောက်နောင်အခါ အမှန်မုချ ဖြစ်ပေါ်လာမည်ကို မဖြစ်ပေါ်မီဝေးလံစွာသော အချိန်ကာလ
ကြိုတင်၍ ရှေးပြေးနိမိတ်အနေဖြင့် လူအများစုရုံကာ အုတ်အုတ်ကျက်ကျက် ပြောဆိုကြခြင်းမျိုးကိုသာ
ကောလဟာလ ဟူ၍ဆိုလိုသည်၊ထိုထိုမြို့ရွာစသည့်တို့၌ ရောက်တတ်ရာရာ အမှန်လည်းမဖြစ်လာနိုင်ပါပဲလျှက်
စကြာမင်း ပေါ်တော့မည်တဲ့ အစရှိသည်ဖြင့်အုတ်အုတ်ကျက်ကျက် ရုတ်ရုတ်ရက်ရက် ပြောဆိုကြခြင်းမျိုးကို
ဆိုလိုသည်မဟုတ်။
လောက၌ ကြိုတင်၍ နိမိတ်ရှေ့ပြေးအနေဖြင့် ထိုအုတ်အုတ်ကျက်ကျက် ဖြစ်ခြင်း ကောလဟာလသည်-
(၁) ကပ္ပကောလာဟလ
(၂) စက္ကဝတ္တိကောလာဟလ
(၃)ဗုဒ္ဓကောလာဟလ
(၄)မင်္ဂလကောလာဟလ
(၅)မောနေယျကောလာဟလ-ဟူ၍ငါးမျိုးရှိ၏။ ထိုငါးမျိုးတို့တွင်

(၁) ကပ္ပကောလာဟလ

ကဗ္ဘာကြီး ပျက်တော့မည်ဟု အုတ်အုတ်ကျက်ကျက် ဖြစ်ခြင်းကို ကပ္ပကောလာဟလဟူ၍ခေါ်ဆို၏။ကဗ္ဘာပျက်လုနီးလာသော
အခါ မပျက်မီနှစ်ပေါင်းတသိန်းက ကြိုတင်၍ လောကဗျူဟာ အမည်ရှိသော ကာမာဝစရနတ်တို့သည် နိမြန်းသောအဝတ်တို့ကို
ဝတ်ဆင်ကြပြီးလျှင် ဆံပင်ကိုဖားယားချကုန်၍ ငိုယိုသောမျက်နှာမှ မျက်ရည်တို့ကို သုတ်ကာသုတ်ကာအလွန်မသက်သာသော
အသွင်အပြင် အခြင်းအရာတို့ဖြင့် လူတို့သွားလာရာ ခရီးလမ်းတို့၌ လှည့်လည်ကြကုန်လျှက်---
အချင်းတို့…. ဤနှစ်မှစ၍နောက် အနှစ်တသိန်းလွန်သော အခါ၌ ဤကဗ္ဘာလောကကြီးသည်ပျက်စီးတော့ပေမည်၊မဟာသမုဒ္ဒရာ
သည် ခန်းခြောက်တော့မည်၊မဟာသမုဒ္ဒရာသည်လည်းခြောက်ခန်းတော့မည်၊ပထယီမြေကြီးသည်၎င်း၊မြင်းမိုရ်တောင်မင်းသည်
၎င်း၊ဤအလုံးစုံတို့သည်(မီးဖျက်မည့်ကဗ္ဘာဖြစ်လျှင်)မီးလောင်၍ပျက်စီးကုန်လိမ့်မည်၊(ရေဖျက်မည့်ကဗ္ဘာဖြစ်လျှင်)ရေလွှမ်းမိုး၍
ပျက်စီးကုန်လိမ့်မည်၊(လေဖျက်မည့်ကဗ္ဘာဖြစ်လျှင်)လေပြင်းလေကြမ်းတိုက်ခတ်၍ ပျက်စီးကုန်လိမ့်မည်၊မြင်းမိုရ် သမုဒ္ဒရာတို့၏
တည်ရာ ဤမဟာပထဝီမြေကြီးမှသည် ဗြဟ္မာ့ပြည်တိုင်အောင် ဤကဗ္ဘာလောကကြီး ပျက်စီးလိမ့်မည်၊အိုအချင်းတို့…သင်တို့
သည် မေတ္တာတရားကိုပွားများကြကုန်လော့၊ကရုဏာတရားကိုပွားများကြကုန်လော့၊မုဒိတာတရားကိုပွားများကြကုန်လော့၊
ဥပေက္ခာဗြဟ္မစိုရ် တရားကိုပွားများကြကုန်လော့။အမိ အဖတို့ကို ရိုသေစွာ ပြုစုလုပ်ကြွေးကြကုန်လော့၊သက်ကြီးသူအို
ရိုသေထိုက်သူတို့ကို ရိုသေကြကုန်လော့၊ကုသိုလ်ကောင်းမှုတို့၌ အစဉ်နှိုးကြားကြကုန်လော့၊မမေ့မလျော့ကြကုန်လင့်….
ဟူ၍ အနှံ့အပြား လူအပေါင်းတို့ကြားသိလောက်အောင် ကြွေးကြော်ကြကုန်၏၊ဤသို့ကြွေးကြော်သည်ကို အကြောင်းအစပြူ၍
ကဗ္ဘာကြီးပျက်တော့မည်တဲ့…ကဗ္ဘာကြီးပျက်တော့မည်တဲ့ ဟူ၍ လူအများစုရုံးကာ နေရာအနှံ့အပြား၌ အုတ်အုတ်ကျက်ကျက်
ပြောဆိုကြခြင်းကို ကပ္ပကောလာဟလ ဟူ၍ခေါ်ဆိုကြပါသည်။



(၂) စက္ကဝတ္တိကောလဟလ

လူ့ပြည်လောက၌(အရံကျွှန်းငယ်နှစ်ထောင်နှင့်တကွ ကျွှန်းကြီးလေးကျွှန်း လူ့ပြည်တဝှန်းလုံးကို သိမ်းကျူံး
အစိုးရသော စကြဝတေးမင်း ဖြစ်ပေါ်လာတော့မည်တဲ့ ဟုလူအပေါင်းတို့ အုတ်အုတ်ကျက်ကျက်ဖြစ်ခြင်းကို
စက္ကဝတ္တိ ကောလာဟလဟူ၍ ခေါ်ဆို၏။လူ့ပြည်လောက၌ စကြဝတေးမင်း ဖြစ်ပေါ်လာတော့မည်ကို ကြိုတင်
သိရှိကြကုန်သော လောကပါလ ကာမာဝစရနတ်တို့သည် သကြဝတေးမင်း မဖြစ်ပေါ်မီ နှစ်ပေါင်းတရာက
ကြိုတင်၍ လူတို့သွားလာရာခရီးလမ်းမတို့၌ လှည့်လည်ကြကုန်လျှက်…
အချင်းတို့…ဤနေ့မှနောက် နှစ်ပေါင်းတရာ စေ့ရောက်သောအခါ ဤလူ့ပြည်လောက၌ စကြဝတေးမင်း
ဖြစ်ထွန်းပေါ်ပေါက်လာ လိမ့်မည် ဟူ၍ အနှံ့အပြား လူအပေါင်းတို့ ကြားသိလောက်အောင် ကြွေးကြော်ကြ
ကုန်၏။ဤသို့ကြွေးကြော်ကြသည်ကို အကြောင်းအစပြု၍ စကြဝတေးမင်း ပေါ်တော့မည်တဲ့…စကြဝတေးမင်း
ပေါ်တော့မည်တဲ့ ဟူ၍ လူအများစုရုံကာ နေရာအနှံ့အပြား၌ အုတ်အုတ်ကျက်ကျက် ပြောဆိုခြင်းကို စက္ကဝတ္တိ
ကောလာဟလ ဟူ၍ ခေါ်ဆို၏။

(၃) ဗုဒ္ဓကောလာဟလ
လူ့ပြည်လောက၌ဘုရားပွင့်တော့မည်တဲ့ဟု လူအပေါင်းတို့ အုတ်အုတ်ကျက်ကျက်ဖြစ်ခြင်းကိုဗုဒ္ဓကောလာဟလ
ဟူ၍ခေါ်ဆို၏၊ လူ့ပြည်လောက၌ သဗ္ဗညူမြတ်စွာဘုရား ပွင့်ထွန်းတော်မှုလာတော့မည်ကို ကြိုတင်သိရှိကြကုန်
သော သုဒ္ဓါဝါသဗြဟ္မာကြီးတို့သည် ကိုယ်၌ ဗြဟ္မာတို့၏ အဝတ်အစား အဆင်တန်းဆာတို့ကို ဝတ်ဆင်ကြကုန်၍
ဦးခေါင်း၌ ဗြဟ္မာတို့၏ မကိုဋ်သရဖူကို ဆောင်ကြကုန်ပြီးလျှင် ကြည်လင်ရွှင်လန်း ဝမ်းမြောက်သော စိတ်ရှိကြ
လျှက် ဘုရားမပွင့်မီ နှစ်ပေါင်းတစ်ထောင်ကပင် ကြိုတင်၍ လူတို့သွားလာရာ ခရီးလမ်းမတို့၌ လှည့်လည်ကြ
ကုန်လျက်…
အချင်းတို့…ယနေ့မှနောက် နှစ်ပေါင်းတစ်ထောင် စေ့ရောက်သောအခါ ဤလူ့ပြည်လောက၌ သဗ္ဗညူ
မြတ်စွာဘုရား ထင်ရှားပွင့်ပေါ်တော် မှုလိမ့်မည် ဟူ၍ အနှံ့အပြား လူအပေါင်းတို့ ကြားသိလောက်အောင်
ကြွေးကြော်ကြကုန်၏၊ ဤသို့ ကြွေးကြော်ကြသည်ကို အကြောင်းအစုပြု၍ မြတ်စွာဘုရား ပွင့်တော်မှုတော့မည်
တဲ့… မြတ်စွာဘုရား ပွင့်တော်မှုတော့မည်တဲ့ ဟူ၍လူအများစုရုံးကာ နေရာအနှံ့ အပြား၌ အုတ်အုတ်ကျက်ကျက်
ပြောဆိုကြခြင်းကို ဗုဒ္ဓကောလာဟလ ဟူ၍ ခေါ်ဆို၏။
(ဤဗုဒ္ဓကောလာဟလအရာ၌ ဘုရားမပွင့်မီ အနှစ်တစ်ထောင်က ကြိုတင်၍ ဗုဒ္ဓကောလာဟလ ဖြစ်ပေါ်လာ
၏ ဟူသော စကားကို ပွင့်တော်မှုလတံ့သော ဘုရားရှင်တို့၏ အသက်တမ်း ခေတ်အားလျှော်စွာ သာလျှင်
မိန့်ဆိုသောစကားဟူ၍ မှတ်သားရာ၏။ပွင့်တော်မငကြမည့် ဘုရားရှင်ဟူသမျှအတွက် အသက်တမ်းခေတ်ကို
မငဲ့ဘဲ မိန့်ဆိုသော သာမညစကားဟူ၍ မမှတ်သားရာ။ အကြောင်းကိုဆိုသော်…အသက်တမ်းရှည်သောခေတ်၌
ပွင့်တော်မှုကြသည့် ဒီပင်္ကရမင်းသား၊ကောဏ္ဍညမင်းသား၊မင်္ဂလမင်းသား စသည်တို့မှာ ဘုရားဖြစ်ရန် လူ့ပြည်
သို့သက်ဆင်း၍ လူအဖြစ်ဖြင့် မင်း၏စည်းစိမ် ချမ်းသာကို နှစ်ပေါင်းတစ်သောင်းခန့် ကိုးထောင်ခန့်စသည်
ကြာမြင့်အောင် ခံစံပြီးမှ တောထွက်၍ ဒုက္ကရစရိယာ ကျင့်တော်မှုကြကာ ဘုရားဖြစ်တော်မှုကြကုန်၏၊
ဗုဒ္ဓကောလာဟလမှာလည်းအစဦးစွာ နတ်ပြည်၌ ဖြစ်ပေါ်ပြီးမှ ထိုကောလဟလအရ စကြာဝဠာတိုက်သောင်း
ရှိနတ်ဗြဟ္မာ အပေါင်းတို့ အလောင်းတော်နတ်သားထံ ချဉ်းကပ်တောင်းပန်းကြမြဲဖြစ်၏။ထိုသို့တောင်းပန်ကြမြဲ
ဖြစ်၏။ထိုသို့တောင်းပန်၍ အလောင်းတော်နတ်သား၏ဝန်ခံချက်ကိုရမှသာ သုဒ္ဓါဝါသ ဗြဟ္မာကြီးတို့ လူ့ပြည်
လောက၌ ဖြစ်ပေါ်ပြီးသည့်နောက် နှစ်ပေါင်း တစ်ထောင်မက ငါးထောင်မက နှစ်ပေါင်းတစ်သောင်းခန့်
ကိုးထောင်ခန့်ကြာမြင့်ပြီးမှ သက်တော်ရှည် မြတ်စွာဘုရားတို့ ပွင့်တော်မှုကြသဖြင့် ဗုဒ္ဓကောလာဟလ အတွက်
အနှစ်တထောင် ဆိုသောစကားကို ဘုရားရှင်တိုင်းအတွက် မိန့်ဆိုသောစကားဟူ၍ မမှတ်ယူဘဲ ဂေါတမမြတ်စွာ
ဘုရားကဲ့သို့ သက်တမ်းတိုးတော်မှုကြသော ဘုရားရှင်တို့အတွက်သာ မိန့်ဆိုသော စကားဟူ၍ မှတ်သင့်ပေ၏။)

(၄) မင်္ဂလာကောလာဟလ
မင်္ဂလာတရား၏ သဘောသွား အနက်အဓိပ္ပါယ်ကို အတိအကျအမှန်အတိုင်း မဆုံးဖြတ်နိုင်ကြဘဲလျက် သူတစ်မျိုး ငါတစ်မျိုး လူအများစုရုံကာ ဤအရာကို မင်္ဂလာတရားခေါ်၏၊ဤအရာကို မင်္ဂလာတရားခေါ်၏ ဟူ၍
မိမိတို့ထင်မြင်ရာ ကိုမင်္ဂလာတရားဟု အသီးသီး ပြောကြားကြကာ မင်္ဂလာတရားဟူသည် ဤအရာတဲ့ ဟူ၍
အုတ်အုတ်ကျက်ကျက်ဖြစ်ခြင်းကို မင်္ဂလာကောလာဟလ ဟူ၍ခေါ်ဆို၏၊ဤလူ့ပြည်လောက၌ မင်္ဂလာတရား
တော်ကို မြတ်စွာဘုရားဟောကြားတော်မှုလိမ့်မည်ကို ကြိုတင်သိရှိကြကုန်သော သုဒ္ဓါဝါသ ဗြဟ္မာကြီးတို့သည်
မင်္ဂလာတရားကို လိုလားတောင့်တကြသည့် လူတို့၏ စိတ်အကြံကို သိကြကုန်သဖြင့် မင်္ဂလာတရားကို
မြတ်စွာဘုရား မဟောကြားမီ တဆယ့်နှစ်နှစ်ကပင် ကြိုတင်၍ လူတို့သွားရာ ခရီးလမ်းမတို့၌လှည့်လည်ကြကုန်
လျှက်…..အချင်းတို့…ယနေ့မှနောက် တစ်ဆယ့်နှစ်နှစ် စေံရောက်သောအခါ မင်္ဂလာတရားကို မြတ်စွာဘုရား
ဟောကြားတော်မှုလိမ့်မည် ဟူ၍ အနှံ့အပြား လူအပေါင်းတို့ကြားသိလောက်အောင် ကြွေးကြော်ကြကုန်၏။
ဤသို့ ကြွေးကြော်ကြသည်ကို အကြောင်းအစပြု၍ မင်္ဂလာတရားနှင့်စပ်၍ လူအများ စုရုံကာ နေရာအနှံ့အပြား
၌ အုတ်အုတ်ကျက်ကျက် ပြောဆိုကြခြင်းကို မင်္ဂလကောလာဟလ ဟူ၍ခေါ်ဆိုကြသည်။

(၅) မောနေယျကောလာဟလ

မောနေယျအကျင့် ပဋိပတ်နှင့်စပ်၍ အုတ်အုတ်ကျက်ကျက် ဖြစ်ခြင်းကို မောနေယျကောလာဟလဟူ၍

ခေါ်ဆိုသည်။ လူ့ပြည်လောက၌ သဗ္ဗညူမြတ်စွာဘုရား ပွင့်ထွန်းတော်မှုမည်ကို ကြိုတင်သိရှိကြကုန်သော

သုဒ္ဓါဝါသဗြဟ္မာကြီးသည် ကိုယ်၌ ဗြဟ္မာတို့၏ အဝတ်အစားအဆင်းတန်ဆာတို့ကို ဝတ်ဆင်ကြကုန်၍

ဦးခေါင်း၌ ဗြဟ္မာတို့၏ မကိုဋ်သရဖူကို ဆောင်ကြကုန်ပြီးလျှင် ကြည်လင်ရွင်လန်း ယမ်းမြောက်သော

စိတ်ရှိကြကုန်လျက် ဘုရားမပွင့်မီ နှစ်ပေါင်းတထောင်ကပင် ကြိုတင်၍ လူတို့သွားလာရာ ခရိးလမ်းမတို့၌

လှည့်လည်ကြကုန်လျက်…

အချင်းတို့…ယနေ့မှနောက် နှစ်ပေါင်းတထောင် စေ့ရောက်သောအခါ ရဟန်းတော်တစ်ပါး မြတ်စွာဘုရား

ထံ ချည်းကပ်၍ မောနေယျအကျင့် ပဋိပတ်ကို မေးလျှောက်လိမ့်မည် ဟူ၍ အနှံ့အပြား လူအပေါင်းတို့ကြားသိ

လောက်ောအင် ကြွေးကြော်ကြကုန်၏။ဤသို့ကြွေးကြော်ကြသည်ကို အကြောင်းအစပြု၍ မောနေယျအကျင့်

ပဋိပတ်ဟူသော စကားကို လူအများ စုရုံကာ နေရာအနှံ့အပြား၌ အုတ်အုတ်ကျက်ကျက် ပြောဆိုကခြင်းကို

မောနေယျကောလာဟလ ဟူ၍ခေါ်ဆို၏။ ဤအကြောင်းတို့သည် ကောလာဟလ ငါးမျိုးတို့တည်း၊


2009년 6월 6일 토요일

ကိုရီးယား-မဟာယန သာသနာ

ဒီကနေ့ ကိုရီးယားနိုင်ငံမှာ နိုင်ငံအတွက်အသက်ပေးတဲ့သူတွေအားလုံးကို ယဇ်ပူစော်ပေးတဲ့နေ့လို့ ဆိုပါတယ်၊
ဆရာလေးတို့ နိုင်ငံအနေနဲ့ဆိုရင် အာဇာနည်နေ့လို့လည်း ဆိုနိုင်ပါတယ်။ အဲဒီပွဲကို စိတ်ဝင်စားလွန်းလို့ ဒီနေ့
နာမည်ကြီးဖြစ်တဲ့ ဘုံဝန်ဆာ(봉원사) ကျောင်းကိုသွားရောက်လေ့လာခဲ့ပါတယ်၊အဲဒီမှာ နိုင်ငံခြားသားတွေပါ
လာရောက်ကြည့်ရှု့နေတာတွေ့ရပါတယ်၊အဲဒီကျောင်းကို ရောက်သွားတော့ သတင်းစာအယ်တီတာတွေ
အင်တာဗြူးသမားတွေနဲ့ သွားစုံပြန်ပါတယ်၊မြန်မာဆိုတော့ လူတွေအားလုံးအရမ်းစိတ်ဝင်စားနေကြတယ်၊
မြန်မာပြည်မှာ တရားအားထုပ်သွားဖူးတယ်ဆိုတဲ့ ကိုရီးယားသီလရှင် ဆရာလေးတွေနဲ့လည်း ဘာသာရေး
အမေးအဖြေလုပ်ခဲ့ပါတယ်၊ကိုရီးယားဘုန်းကြီးသီလရှင်များမှ အကတွေ အတီးတွေနဲ့ယဇ်ပူဇော်နေကြတာကို
တွေ့ရပါတယ်၊ ဒီလိုပွဲမျိုးတစ်ခါမှ မမြင်ဖူးတော့အရမ်းအံ့အားသင့်မိပါတယ်၊ တကယ့်ဆရာတော်တွေ တက္ကသိုလ်
ဓမ္မာစရိယ ဆရာလေးတွေအားလုံး ကကြတာတော့ကွေးနေတာပါဘဲ၊သူတို့ပြောပြတာတော့ သေတဲ့သူတွေကို
နတ်လမ်းဖောက်ပေးတယ်လို့ပြောကြပါတယ်၊ဘာသာရေးအနေနဲ့တော ထေရဝါနနှင့် မယာဟနကွာခြားချက်ကို ဘာမှအထွေအထူးပြောစရာမလိုလောက်ဘူးထင်ပါတယ်၊ ဒီအကြောင်းလေးတွေသိချင်တယ်ဆိုရင်တော့
http://solomonn.0fees.net/wordpress/?page_id=13 ဒီဆိုက်လေးကိုဝင်ဖြစ်အောင်ဝင်ကြည့်ကြပါ။
ဆရာလေးအနေနဲ့ကတော့ ဒီနေ့လေ့လာကြည့်ရှု့ခဲရတဲ့ ဓာတ်ပုံ ဗွီဒီယိုဖိုင်များသာ ဗဟုသုတအနေနဲ့ တင်ပြပေးခြင်းဖြစ်ပါတယ်။တချို့ဒကာတွေကမေးကြတယ်၊ ဘုန်းကြီးသီလရှင်တွေကတာ တကယ်လားတဲ့၊
လက်တွေ့မဟုတ်တော့ မယုံဘူးခင်ဗျာဆိုလို့ တကူးတကသွားရောက်ပြီး တင်ပေးလိုက်ပါတယ်။ကျမ္မာချမ်းသာ
စွာ ထေရဝါဒ သာသနာတော်ကြီးအထွန့်ရှည်အောင် တည်ထောင်နိုင်ကြပါစေ။

2009년 6월 3일 수요일

ဗုဒ္ဓဝင်ဘုရားပင့်-ဘုရားရှိခိုး

သုံးလူ့ကေသျှောင်- နေတန်ဆောင်သို့

ရွှေရောင်ထိန်ညီး- ကိုယ်တော်ကြီးက

ဘုန်းမီးထင်ပေါ်- မင်းသုဒ္ဓေါ၏

ရာပျှော်မြှောက်စား- မာယာဖျားမှ

ဖွားမြောက်သန့်စင်- မီးရှုးမြင်၍

ပျိုလွင်ရွယ်ခေတ်- ဆယ့်ခြောက်နှစ်ဝယ်

ကသစ်အာလိန်- တာဝတိံ၌

မာဃိန်သိကြား- ကဲ့အလားသို့

စံစားရွင်ပျှော်- နတ်နှိုးဆော်၍

ရွယ်တော်နုဖြိုး- နှစ်ဆယ့်ကိုးတွင်

လေးမျိုးစီစဉ်- နိမိတ်မြင်က

ပျှော်ရွင်နိုင်ဘူး- သဉ္စာဦး၌

စိတ်ကူးကြံစည်- ထွက်တော့မည်ဟု

ရွှေပြည်သုံးရပ်- ရွှေရောင်ဟပ်သည့်

ပြာသာဒ်သုံးဆောင်- ဘဘုန်းခေါင်းနှင့်

ထုံးနှောင်ယှဉ်ဖက်- ပန်းပန္နက်ကြောင့်

ဆက်ဆက်သံသရာ- ကဗ္ဘာဘာဂ

ပါရမီတော်မျိုး - တူစုံဖြိုးလျက်

ချစ်ကြိုးဖွဲ့ခွေ- ယသော်မေတည့်

ရွှေရင်တော်ဖွား- လွန်းနုထွားသည့်

သာရာဟုလာ- ပုလဲညှာနှင့်

သာကီဝင်ပေါင်း- ဆွေရှစ်သောင်းကို

ရှုစောင်းကြည့်ကာ- မငဲ့ညှာဘဲ

ခွဲခွာမျှော်ရှု -သဗ္ဗညုကို

ဥရုဝေလာ- ဟေမဝါ၌

ဖွေရှာစီစစ် -အားကုန်သစ်လျှက်

ခြောက်နှစ်ကြာကြာ- ခဲယဉ်းစွာတည်း

ဒုက္ကရစရိယ - ကျင့်ပြီးမှလျှင်

ကဗ္ဘာ့ဦးခိုင် -ထွက်ဖူးကိုင်တည့်

မဏ္ဍိုင်ဗွေချက် -မြေကနက်တွင်

ရွှေစက်တော်တွင် -ရွှေပလ္လင်၌

ရွှေခြင်္သေ့ကြီး -မာန်ဟုန်ဖီးသို့

ပင်တည်းရောင်စို -ညောင်ညိုပင်ဝယ်

မှောင်ဆိုသမျှ -ရန်ပါပကို

တစ်စမထင် -ကုန်သုတ်သင်၍

သဗ္ဗညုစစ် -ဘုရားဖြစ်လျှက်

ငါးနှစ်စွန်းကယ် -ဝါလေးဆယ်တွင်

ပြုဖွယ်ဟူဘိ -ကျန်မရှိ၍

ကုသိနာရုံ -မြိုင်ရဂုံ၌

နှစ်စုံပင်မင်း -ပျိုအင်ကြင်းဝယ်

ထံရင်းဝဲယာ -ရှိသံဃာအား

ဟန္နဒါနိ -စာအရှိဖြင့်

ပါဠိရွက်ကာ -သေတမ်းစာကို

သာယာငြိမ့်ညောင်း -နှုတ်သံပြောင်းလျက်

နွဲ့လျာင်းပျော့ခွေ -နိဗ္ဗူမြေသို့

ရွှေကိုယ်တော်ကိန်း- ဇာတ်တော်သိမ်း၍

ငြိမ်းချမ်းခေမာ -နိဗ္ဗူတာကို

အာရုံကြည်နှုး -မျှော်ရည်စူးလျှက်

ရင့်ကျူးမြွက်ဆို- တပည့်ပျိုတို့

မြိုင်ညိုစုပေါင်း -မြတ်ဥက္ခောင်း၌

တည်ကြောင်းမြှော်ခေါ် -ဖူးပူဇော်သည်

ကြွတော်မူပါ့ - အရှင်ဘုရား



2009년 4월 21일 화요일

ကောသလမင်း၏ အိပ်မက် (၁၆)ချက်

သိပြီးသားသူများလည်းထပ်မံလေ့လာနိုင်အောင်မသိသေးသောသူများလည်းသိရှိလာအောင် ကူးယူတင်ပြလိုက်ခြင်းဖြစ်ပါသည်။
(၁) အရပ်လေးမျက်နှာမှ လေးခုသော နွားလား ဥသဘတို့သည် လာလတ်၍ မင်းရင်ပြင်၌ ဝှေ့မည်ဟု တွန်မြည် ကြုံးဝါးလျက် မဝှေ့ပဲသာလျှင် ဖဲလေကုန်သည်ဟု မြင်မက်ပါသည်။
နောင်အခါ တရားမစောင့်သော မင်းတို့ လက်ထက်၌ အရပ်လေးမျက်နှာမှ မိုးတို့သည် ရွာအံသကဲ့သို့ ထစ်ကြိုးလျက် မရွာပဲသာလျှင် ပျောက်ပျက် ကုန်လတ္တံ့။ ထိုအခါ ကောက်ပဲသီးနှံတို့ ပျက်ဆီး၍ လူတို့၌ အစာရေစာ ရှားပါး ငတ်မွတ်ခြင်း ဖြစ်လတ္တံ့။

(၂) နုနယ်သေးငယ်စွာသော အပင်တို့သည် ပွင့်ကြ သီးကြသည်ကို မြင်မက်ပါသည်။
နောင်အခါ ဆုတ်ယုတ်သောကာလ လူတို့ အသက်တန်း တိုသော ကာလ၌ ယောင်္ကျား မိန်းမတို့သည် ထက်သန် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ငယ်ရွယ်စဉ် အခါ၌ပင် အိမ်ထောင်ပြုခြင်း၊ သားမွေးခြင်း တို့ကို ပြုကုန်လတ္တံ့။

(၃) နွားမကြီးတို့သည် မိမိတို့ မွေးစဖြစ်သော နွားမငယ်တို့၏ နို့ကို စို့သည်ဟု မြင်မက်ပါသည်။
နောင်အခါ ကြီးသောသူတို့အား အရိုအသေပြုခြင်း ပျောက်ကွယ်သော ကာလ၌ အမိအဖ၊ ယောက္ခမ စသူတို့သည် ကိုးကွယ်ရာ မရှိကုန်သည် ဖြစ်သဖြင့် မိမိတို့၏ သားသမီး သားမက် ချွေးမ စသူတို့ထံ၌ ကပ်ရပ်၍ ငြိုငြင် ညှိုးငယ်စွာ အသက်မွေးရကုန်လတ္တံ့။

(၄) လှည်းတို့၌ ဝန်ကို ဆောင်နိုင်သော နွားကြီးတို့ကို မကမူ၍ နွားငယ်တို့ကိုသာ ကစေကုန်၏။ နွားငယ်တို့လည်း ဝန်ကို မနိုင်၍ လှည်းတို့ကိုလည်း ဆွဲခြင်းငှာ မတတ်နိုင်သည်ကို မြင်မက်ပါသည်။
နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အသက်ကြီး ဝါကြီး ပညာရှိကုန်သော သူတို့အား အမတ်၊ တရားသူကြီး စသော ရာထူးစည်းစိမ်တို့၌ မခန့်ထားမူ၍ အသက်၊ ဝါ၊ ပညာ ငယ်ကုန်သော လူငယ်တို့အားသာ ခန့်ထားကြလတ္တံ့။ ထိုအခါ အခွင့်အရေးမသိ၊ မတော် မမှန်ဖြစ်၍ အမှု မပြီး၊ အကျိုးမပြီး ရှိသောအခါ လူငယ်တို့သည် မိမိတို့၏ ရာထူး စည်းစိမ်ကို စွန့်ကြလတ္တံ့။ လူကြီးတို့သည်လည်း ငါတို့မှာ ပြင်ပကသာ ဖြစ်၏ဟု လျစ်လျှုပြု၍ နေကြလကုန်လတ္တံ့။ သို့ဖြစ်၍ တရားမစောင့် အမှုမပြီးကြသည်နှင့် မင်းနှင့်တကွ တိုင်းပြည်ပါ ဆုတ်ယုတ် ပျက်ဆီးကြလတ္တံ့။

(၅) ခံတွင်း နှစ်ခုရှိသော မြင်းသည် ကျွေးလာသော မုယောစပါး စသည်တို့ကို ခံတွင်းနှစ်ခုဖြင့်ပင် စားသည်ဟု မြင်မက်ပါသည်။
နောင် တရားမစောင့်သော မင်းတို့လက်ထက်၌ တရားမစောင့်သော တရားသူကြီးတို့သည် နှစ်ဖက်သော အမှုသည်တို့မှ ပေးသော တံစိုးလက်ဆောင်တို့ကို စား၍ အမှုတို့ကို မမှန်မကန် ဆုံးဖြတ်ကြကုန်လတ္တံ့။

(၆) အဖိုးတသိန်း ထိုက်သော ရွှေခွက်ကို မြေခွေးဖိုအား ကျင်ငယ်စွန့်ရန် ပေး၏။ မြေခွေးလည်း ထိုရွှေခွက်၌ ကျင်ငယ်စွန့်သည်ဟု မြင်မက်ပါသည်။
နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အမျိုးမြတ်သော သူတို့သည် အချီးအမြှောက် မခံရ၊ ဆင်းရဲကြ၍ အမျိုးယုတ်သော သူတို့ အစိုးတရ ကြွယ်ဝ ချမ်းသာကြလတ္တံ့။ ထိုအခါ အမျိုးမြတ်တို့ အသက် မွေးခြင်းငှာ မတတ်နိုင်ကုန်သည် ဖြစ်၍ မိမိတို့ သမီးတို့ကို အမျိုးယုတ်တို့အား ပေး၍ အသက်မွေး ကြကုန်လတ္တံ့။

(၇) တယောက်သော ယောင်္ကျားသည် အင်းပျဉ်၌ ထိုင်လျက် လွန်ကို ကျစ်၍ ခြေရင်း၌ ထား၏။ ထို အင်းပျဉ်အောက်၌ရှိသော ဆာလောင်သော မြေခွေးမသည် ထိုယောင်္ကျား မသိစဉ်လျှင် ထိုလွန်ကို စား၏ ဟု မြင်မက်ပါသည်။
နောင်အခါ မိန်းမတို့သည် အစားအသောက်၊ အဝတ်၊ အနေအထိုင် စသည်တို့၌ လော်လည်ခြင်း ရှိ၍ မိမိတို့ လင်ယောင်္ကျားသည် ဆင်းရဲငြိုငြင်စွာ ရှာဖွေ စုဆောင်းအပ်သော ဥစ္စာ ပစ္စည်းတို့ကို အဝတ်အစား၊ အစားအသောက် တို့၌ လည်းကောင်း၊ သောက်စား ကစားခြင်းတို့၌ လည်းကောင်း၊ အပျော်အပါးတို့၌ လည်းကောင်း၊ သဘောက် လင်ငယ်ထားခြင်း တို့၌ လည်းကောင်း အရမ်းမဲ့လျှင် ဖြုန်းတီးလေလတ္တံ့။ ခွေးမသည် မသိ စဉ်းစား သကဲ့သို့ အိမ်သူ မိန်းမတို့သည် ဤသို့ တိတ်တဆိတ် ဖြုန်းတီး ခိုးစားကြလတ္တံ့။

(၈) ရေမရှိသော အိုးတို့ဖြင့် ခြံရံအပ်သော ရေပြည့်အိုးကြီး တလုံးကို မြင်ရ၏။ လူတို့သည် အရပ် ၈ မျက်နှာမှ ရေကို ယူလာကြ၍ ထိုရေပြည့်အိုးကြီး အတွင်းသို့သာလျှင် လောင်းထည့် ကြ၏။ လောင်းထည့်သော ရေတို့သည် ပြည့်လျှံ၍ ကျကုန်၏။ ဤသို့လျှင် အဖန် တလဲလဲ ရေပြည့်အိုးသို့သာ လောင်းလျှက် ရေမရှိသော အခြံအရံ အိုးတို့ အတွင်းသို့ကား မည်သူမျှ မလောင်း မထည့်ပဲ နေသည်ကို မြင်မက်ပါသည်။
နောင်အခါ မကောင်းသော မင်းတို့ လက်ထက်၌ မင်းနှင့်တကွ လူတို့ တရားပျက်ကွက်၊ သြဇာညံ့ဖျင်း၊ ဆင်းရဲခြင်းသို့ ရောက်ကြကုန်လတ္တံ့။ ထိုအခါ မင်းအစိုးရတို့သည် ဆင်းရဲသားတို့အား မင်း၏ အကျိုးစီးပွား အတွက်ကိုသာ လုပ်ကိုင်စေအံ။ ဆောင်ရွက် စေအံ။ ထမ်းရွက်စေအံ။ သို့ဖြစ်ရကား မင်းတို့၌သာ ပြည့်စုံ အကျိုးခံစားကြရ၍ ဆင်းရဲသားတို့မှာ ရေမရှိသော အိုးတို့ပမာ တစုံတရာ မရှိ ငတ်မွတ် ခေါင်းပါးခြင်းသို့ ရောက်ကုန်လတ္တံ့။

(၉) နက်ရှိုင်း ကျယ်ဝန်းသော ရေကန်ကြီး တခုတွင် သတ္တဝါတို့ ဆင်း၍ ရေသောက်ကြ၏။ ကန်၏ အလယ် ရေနက်ရာ၌ ရေသည် နောက်၍ ကန်နားဝန်းကျင် ရေတိမ်ရာ သတ္တဝါတို့ နင်းရာ၌ ရေသည် ကြည်လင်၏ဟု မြင်မက်ပါသည်။
နောင်အခါ တရားမစောင့်သော မင်းတို့သည် မတရား အုပ်စိုးခြင်း၊ တံစိုးစားခြင်း၊ လော်လည်ခြင်း၊ သနားညှာတာ ဂရုဏာ မဲ့ခြင်း၊ ကြမ်းကြုတ် ရက်စက်ခြင်းတို့ ရှိလျှက် လူတို့အပေါ်၌ အထူးထူး အပြားပြားသော အချင်းအရာဖြင့် အခွန်အတုတ်တို့ကို ခွဲခန့် ကောက်ယူလတ္တံ့။ ထိုအခါ လူတို့မှာ တစ်စုံတစ်ရာ မပေးဆောင်နိုင် ပင်ပန်းဆင်းရဲလျက် မြို့ကြီးရပ်ကြီးတို့၌ မနေနိုင်ပဲ ရပ်စွန် ပြည်နားသို့ သွားရောက်နေကြရသည် ဖြစ်လတ္တံ့။ ကန်အလယ်တွင်နောက်၍ ကန်ဘေးတွင် ကြည်သကဲ့သို့ မြို့လယ်ရွာလယ်၌ တိတ်ဆိတ်၍ ရပ်စွန်ပြည်နား၌ လူစည်ကားလတ္တံ့။

(၁၀) တစ်လုံးတည်းသော အိုးဖြင့် တချိန်တည်းချက်သော ထမင်းသည် အချို့ပျော့၏၊ အချို့ မနပ်၊ အချို့နပ်၏။ ဤသို့ မြင်မက်ပါသည်။
နောင် တရား မစောင့်သော မင်းတို့ လက်ထက်၌ မိုးကွက်ကြား ရွာလတ္တံ့။ ထိုအခါ အချို့နေရာ၌ မိုးရွာလွန်း၍ ကောက်ပဲသီးနှံ ပျက်အံ။ အချို့နေရာ၌ မရွာ၍ ပျက်အံ။ အချို့နေရာ တွင်ကား မိုးမှန်၍ ကောင်းအံ။ ဤသို့လျှင် ထမင်းအိုးတွင် မြင်သော ထမင်းကဲ့သို့ ကောက်ပဲသီးနှံ သုံးထွေ ပြားလတ္တံ့။

(၁၁) အဖိုးတသိန်းထက်သော စန္ဒကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစားသည်ကို မြင်မက်ပါသည်။
နောင်အခါ ငါဘုရား၏ သာသနာတော် ဆုတ်ယုတ်သော ကာလတွင် လော်လည်၍ လာဘ်လာဘကို မက်မော ကုန်သော ရဟန်းအလဇ္ဇီ လူအလဇ္ဇီတို့သည် ဆွမ်း၊ ဆေး၊ ကျောင်း၊ သင်္ကန်း ဥစ္စာပစ္စည်း စသည် တို့ကို အလိုရှိကုန်သည် ဖြစ်၍ လမ်းခရီးဆုံ၊ အိမ်ဝ၊ အိမ်ကြို အိမ်ကြားတို့၌ ငါဘုရား၏ တရားတော်ကို ဟောကြားလတ္တံ့။ နိဗ္ဗာန် အလို့ငှာ ဟောတော် မူအပ်သော အလွန် မွန်မြတ်သော တရားတော်ကို တစ်ပဲ၊ တစ်မူး၊ တစ်ကျပ် စသည်တို့ အကျိုးငှာ ရောင်းစား ဟောပြော ကြသည် ဖြစ်၍ တသိန်းထိုက်သော စန္ဒာကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစား သကဲ့သို့ ဖြစ်ကုန်လတ္တံ့။

(၁၂) ဘူးတောင်းတို့သည် ရေ၌ နစ်သည်ဟု မြင်မက်ပါသည်။
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ကိုသာ ရာထူး စည်းစိမ် ပေးသည် ဖြစ်၍ အမျိုးယုတ်တို့ တန်ခိုး အာဏာ ကြီးမား ထင်ပေါ် အရာရာတွင် တွင်ကျယ်လျက် ၄င်းတို့ စကားသာလျှင် ဘုးတောင်း နစ်သကဲသို့ နစ်၍ တည်ကုန်လတ္တံ့။

(၁၃) ကျောက်ဖျာကြီး ရေတွင်ပေါ်သည်ဟု မြင်မက်ပါသည်။
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ တော်မှန် လိမ္မာ ပညာရှိသော သူတို့၏ စကားသည် မည်သည့် အရာ၌ မဆို လေးသော ကျောက်ဖျာ ရေတွင် ပေါ်သကဲ့သို့ နစ်တည် ခြင်းမရှိ၊ မခိုင်မမြဲ ရှိကြကုန် လတ္တံ့။

(၁၄) ဖားငယ်မ တို့သည် ကြီးစွာသော မြွေဟောက်ကြီးများကို စားမြိုသည်ဟု မြင်မက်ပါသည်။
နောင်အခါ လူတို့သည် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ကိလေသာ အလိုသို့ လိုက်လျက် ငယ်ရွယ်ကုန်သော မယားတို့၏ အလိုသို့ လုံးဝ လိုက်ကြကုန် လတ္တံ့။ အလုပ်အကိုင်မှု၊ ဥစ္စာ ပစ္စည်းမှု၊ ကျေးကျွန်မှု၊ စီမံခန့်ခွဲမှု စသော အရပ်ရပ်တို့၌ လင်ပေါ်တွင် လွှမ်းမိုး အုပ်စိုးခြင်းကို ပြုကြမည် ဖြစ်ရကား ဖားငယ်မသည် အဆိပ်လျင်သော မြွေကို စားမျိုသကဲ့သို့ ဖြစ်ကုန်လတ္တံ့။

(၁၅) မည်းနက် ရုပ်သွင်၊ အဆင်း ဆိုးဝါးသော ကျီးတို့ကို ရွှေ၏ အဆင်းနှင့် တူသော ရွှေဟင်္သာ တို့က ခြံရံ နေကြသည်ကို မြင်မက်ပါသည်။
နောင်အခါ အားနည်းသော မင်းတို့ လက်ထက်၌ ထိုမင်းတို့သည် ဆင်စီး မြင်းစီး စသော အတတ်တို့၌ မလိမ္မာ၍ စစ်ထိုးခြင်း၌ မရဲရင့်ဘဲ ဖြစ်ကြကုန်လတ္တံ့။ ထိုအခါ တိုင်းပြည် နိုင်ငံ ဆုံးရှုံးမည်ကို စိုး၍ တူသော ဇာတ်ရှိသော သူကောင်းသား တို့အား အစိုးရခြင်းကို မပေးမူ၍ မိမိတို့ထံ၌ ခစား ကြကုန်သော အမျိုး ယုတ်သော ကျေးကျွန်တို့အားသာ ပေးကုန်လတ္တံ့။ သို့ဖြစ်၍ အမျိုးကောင်းသားတို့ ကိုးကွယ်ရာ မရှိပဲ အစိုးရခြင်း၌ တည်ကုန်သော အမျိုးယုတ်တို့ထံ၌ ခစားကြကုန် လတ္တံ့။

(၁၆) ဆိတ်တို့သည် သစ်ကို သတ်စားကြသဖြင့် သစ်တို့သည် ကြောက်လန့်လျက် ဆိတ်တို့ကို အဝေးမှ မြင်လျှင်ပင် တောချုံရှိရာသို့ ပြေးကြသည်ကို မြင်မက်ပါသည်။
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ အစိုးရ ကုန်သည် ဖြစ်၍ အမျိုးမြတ်သူတို့ မထင်ရှား ဖြစ်လတ္တံ့။ အမျိုးယုတ် သူတို့မှာ မင်းကျွမ်းဝင်သည် ဖြစ်၍ တရားရုံးတို့၌ သြဇာအာဏာ လွှမ်းမိုးလျက် အမျိုးမြတ်သူတို့၏ ဘိုးဘပိုင် လယ်မြေ ဥစ္စာ အရပ်ရပ်တို့ကို ငါတို့ လယ်မြေဥစ္စာ ဖြစ်သည်ဟု သိမ်းယူကြ၍ တရားတဘောင် ဖြစ်လျှင် တန်ခိုးမဲ့သူတို့အား ဖိနှိပ်ပုတ်ခတ် ခြိမ်းခြောက် နှင်ထုတ်လျက် အနိုင်ကျင့် ကြကုန်လတ္တံ့။ ထိုအခါ အမျိုးမြတ်သူတို့ ကြောက်လန့် စက်ဆုတ်ကုန်သည် ဖြစ်၍ လယ်ယာ ဥစ္စာတို့ကို ပေးအပ်ကုန်လျက် အိမ်သို့ပြန်၍ အိပ်နေကြကုန်အံ။ ထိုမှ တပါးလည်း အကျင့်သီလရှိသော ရဟန်းတို့သည် အကျင့်သီလမဲ့သော ရဟန်းတို့က ချုပ်ချယ် ဖိနှိပ်ကြလေသဖြင့် တောသို့ ပြေးဝင် ပုန်းအောင်း ကြကုန်လတ္တံ့။ ဤသို့လျှင် အမျိုးကောင်း၊ သူတော်ကောင်း တို့လည်း လွတ်ရာ ကျွတ်ရာ တောတောတောင်တောင် တို့ကို ပြေးပုန်း ကြကုန်လတ္တံ့။

2009년 4월 11일 토요일

ငါးပါးသီလနှင့်မြောက်ကျွှန်းနေလူများအကြောင်း

ဥတ္တရကုရုခေါ်သော မြောက်ကျွှန်း၌နေထိုင်ကြသည့် လူတိုပသည် အမြဲ နိစ္စ

ငါးပါးသီလကို လုံခြုံကြသည်။ ယင်း ငါးပါးသီလလုံခြုံသူတို့၏ ဓမ္မတာသိဒ္ဓိကြောင့် အောက်ပါဝိသေသန

အကျိုးထူးများကို ခံစားကြရသည်။

၁။ အိုအိမ်တိုက်တာ

(နေစရာအတွက်အထူးဆောက်နေဖွယ်မလို၊သစ်ပင်များကနေထိုင်မှုအတွက်ကိစ္စပြီးစေသည်.။

၂၊ မြောက်ကျွှန်းနေလူတို့မှာ ရှည်ခြင်းပုခြင်းစသော အပြစ်မျိုးကင်းသည်၊လုံးရပ်သဏ္ဍာန်နှင့်ပြည့်စုံ၍

ကိုယ်လုံးကိုယ်ဖန် အရပ်အမောင်းတူညီကြသည်။

၃။ ဇရာရောဂါ အနှိပ်အစက်မခံရ၍ ဆံပင်ဖြူခြင်းသွားကျိုးခြင်း အရေတွန့်ခြင်း အင်အားကုန်ခမ်းခြင်းမရှိပေ။

၎။ အသက်မွေးဝမ်းကျောင်းအတွက် အဟာရပရိယေသန ဒုက္ခကင်းသည်။

၅။ မှက်၊ခြင်၊ယင်၊ကြမ်းပိုးစသော သတ္တဝါကိုက်ခဲမှုမခံရ။

၆။ စားသောက်မှုအတွက် ဝယ်ရ၊သွားရ၊ချက်ရသော ဒုက္ခမျိုးကင်းသည်၊ အခွံမပါ ဖွဲကင်းသောသလေးဆန်ကို

အာဟာရအဖြစ်သုံးဆောင်ရသည်၊ ပကတိထင်းမီးဖြင့် ချက်မနေရ၊ ဇောတိကမည်သော

ရတနာကျောက်တုံးပေါ်တင်လိုက်လျှင် ချက်ပြီးဖြစ်၏၊ဟင်းနှင့်ဟင်းလျှာအတွက်

သီးခြားစီမံနေစရာမလို၊စားလိုသု၏ူက အချဉ်တမ်းတလျှင်အချဉ် အချိုတမ်းတလျှင်အချို အရသာပေါ်လာ၏။

၇။ အထက်ဖော်ပြပါ အဟာရကိုမှီဝဲသောကြောင့်

နှုနာ၊ပွေး၊ညှင်း၊တင်းတိပ်နာ၊ချောင်းဆိုးပန်းနာ၊မြစ်ချောက်နာ၊အရှုးရောဂါနှင့်အိုနာများ ကင်းဝေသည်။

၈။ မြောက်ကျွှန်းနေလူအချင်းချင်း မနာလိုဝန်တိုစိတ်ကင်းရှင်းကြသည်။

၉။ ရာသီဥတုမျှတသည်။အပူလွန်ကဲမှု၊ အအေးလွန်ကဲမှု ရာသီဒဏ်မခံရ။

၁၀။ မြောက်ကျွှန်း၌ တန်ခိုးကြီးသော ဘုရားပစ္စေကဗုဒ္ဓါတို့ ဆွမ်းခံကြွမြဲ ဓမ္မတာဖြစ်၍ထူးခြားသည်။

၁၁။ မြောက်ကျွှန်း၌ ကုန်းသူ၊ကွသူ၊ ကောက်သူ၊ကွေးသူ၊ခွင်သူ၊

လေငန်းဆွဲသူ၊အင်္ဂါချို့တဲ့သူ၊ဣနြေ္ဒချို့တဲ့သူမရှိချေ။

၁၂။ အမျိုးသမီးများ ၆ပြစ်ကင်း၍ အရုပ်ဆိုးသူမရှိ၊၁၆နှစ်အရွယ်ထင်မှတ်ရသည်၊အမျိုးသားများ ၂၅

နှစ်အရွယ်မှာတည်သည်။

၁၃။ သားသမီးငယ်များက မိဘတို့ကိုနားပုနားဆာမလုပ်ကြ၊တွယ်ကပ်၍မနေကြ။

၁၄။ မြောက်ကျွှန်းနေလူတို့ ကာမကိစ္စ တစ်သက်လုံးမှာ (၇)ရက်သာခံစားကြသည်။

၁၅။ ကိုယ်ဝန်တည်ရခြင်းဒုက္ခ၊ လွယ်ရခြင်းဒုက္ခ၊ ဖွားရခြင်းဒုက္ခတို့မှလည်း ကင်းသည်။

၁၆။ မိဘတို့ကရင်သွေးငယ်အတွက် ကြောင့်ကြစိုက်နေစရာမလို၊ ကလေးများဆော့ကစားရာ

အိပ်ပျှော်ရာမှာထား၍ လိုရာသွားနိုင်သည်။ တွေ့သူက အစားကျွှေးနို့တိုက်သည်။ ကလေးများကံကြောင့်

လက်ညှိုးမှ နို့ထွက်သည်။

၁၇။ အဝတ်အတွက်ပူစရာမလို၊ ပဒေသာပင်မှရသည်။

၁၈။ ရေချိုးသည့်အခါ စုပေါင်းရေချိုးကြသည်၊အဝတ်ကိုစုပုံထားသည်၊ပထမရေချိုးပြီးသူက

အပေါ်ဆုံးမှအဝတ်ကို ယူဝတ်သည်။ငါ့ဟာ သူ့ဟာ ငြင်းခုံမှုမရှိ။

၁၉။ သေသူအတွက် ကျန်ရစ်သူများ ပူဆွေးသောကမဖြစ်၊ မငိုကျွှေးပေ။

၂၀။ အပုပ်နံ့မရှိ၊ သုသာန်သင်္ချိုင်း ထားစရာမလို၊သေသူ၏ရုပ်ကလာပ်ကို အဝတ်ဖြင့်ထုပ်ပတ်၍ ချထားရသည်၊

ကုသိုလ်ကံ အဟုန်ကြောင့် ဖြစ်ပေါ်လာသော ငှက်ကြီးများက တခြားကျွှန်ူသို့ ယူဆောင်သွားကြသည်။

၂၁။သေပြီးနောက် နတ်ပြည်ရောက်သည်၊ ငရဲ၊တိရစ္ဆာန်၊ပြိတ္တာမဖြစ်ချေ။

၂၂။ အနှစ်တစ်ထောင် သက်တမ်းမြဲသည်။

(သာရတ္ထဒီပနီဋီကာမှ)

ရေအိုင်ပမာ ပုဂ္ဂိုလ် (၄) မျိုး


အခါတပါး၌ မြတ်စွာဘုရားရှင်သည် ရဟန်းတို့အား ရေအိုင် ၄-မျိုးကို ဥပမာပြု၍

ပုဂ္ဂိုလ်လေးမျိုးရှိကြောင်း ဟောကြားတော်မှုခဲ့ပါသည်။

ရဟန်းအပေါင်းတို့၊ ဤလောကတွင် ရေအိုင်၎-မျိုးရှိသည်။

ယင်းတို့မှာ

(၁) တိမ်လျှက်နက်ရောင်ရှိသောရေအိုင်

(၂) နက်လျှက်တိမ်ရောင်ရှိသောရေအိုင်

(၃) တိမ်လျှက်တိမ်ရောင်ရှိသောရေအိုင်

(၄) နက်လျှက်နက်ရောင်ရှိသောရေအိုင် တို့ဖြစ်သည်။

ထို ၄-မျိုးတို့တွင်

(၁) ရှေ့သို့သွားခြင်း၊ နောက်သို့ဆုတ်ခြင်း ၊ရှေ့သို့ကြည့်ခြင်း စသော အမှုအရာအားဖြင့်
ကြည်ညိုဖွယ်ရှိသော်လည်း သစ္စာလေးပါးတရားကို မသိသူသည် တိမ်လျှက်နက်ရောင်ရှိသော
ရေအိုင်နှင့်တူသူဖြစ်သည်။
(၂) ဆိုခဲ့သော အမှုအရာတို့အားဖြင့် ကြည်ညိုဖွယ်မရှိသော်လည်း သစ္စာလေးပါးတရားကို
သိမြင်သူသည် နက်လျှက်တိမ်ရာင်ရှိသော ရေအိုင်နှင့်တူသူဖြစ်သည်။
(၃) ဆိုခဲ့သော အမှုအရာအားဖြင့် ကြည်ညိုဖွယ်မရှိ၊ သစ္စာလေးပါးတရားကိုလည်း မသိမြင်သူသည်
တိမ်လျှက်တိမ်ရောင်ရှိသော ရေအိုင်နှင့်တူသူဖြစ်သည်။
(၄) ဆိုခဲ့သောအမှုအရာအားဖြင့် ကြည်ညိုဖွယ်ရှိ၏၊ သစ္စာလေးပါးကိုလည်းသိမြင်သူသည်
နက်လျှက်နက်ရောင်ရှိသော ရေအိုင်နှင့်တူသူဖြစ်သည်ဟု ဟောတော်မှုခဲ့သည်။
ကျမ်းကိုး။ ။ အင်္ဂုတ္တရနိကာယ်၊ စတုက္ကနိပါတ်၊ ဝလာဟကဝဂ်မှ