လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

ဆရာတော်များ၏ဂုဏ်ကျေးဇူးများအားခြေတော်ဦးခိုက် ရှိခိုးကန်တော့ပါ၏ဘုရား

ဆရာလေးနှင့် သုကုမာရ

လယ်တီဆရာတော်ဘုရားကြီး၏ သုကုမာရဘာသာကို ဆရာလေးသီလရှင် ဝတ်တဲ့နှစ်မှာ စပြီးသင်ခဲ့ရပါတယ်၊သီလရှင်ဝတ်စတုန်းကတော့ မပျှော်ရင် ၁နှစ်တော့ဝတ်မယ်၊ ပျှော်ရင်တော့ ၃ နှစ်ဆိုပြီးတော့ပေါ့၊ သီလရှင်ဝတ်မယ်ပြောတော့ အားလုံးကသဘော မတူပါဘူး၊ အတိတ်ကရေစက်ကြောင့်လားတော့အသိဘူး၊ အခုသီလရှင်ဝါ- ၁၃-ဝါရှိသွား ပါပြီ၊ သုကုမာရဘာသာက မူလတန်းတုန်းကသင်ခဲ့ရတာပါ၊ အရမ်းစိတ်ဝင်စားတယ်၊ ဘာကြောင့်လည်းဆိုတော့ ကဗျာလေးတွေလိုကျက်ပြီး မှတ်ရလို့ပါ၊ စာပြန်တော့မယ်ဆို အလုအယက်ဘဲ ၊ဘယ်လောက်စိတ်ဝင်စားသလဲဆိုတော့ ၊ သီလရှင်ဘဝလေးမြဲသွား တာလဲ သုကုမာကြောင့်လို့ဘဲဆိုချင်ပါတယ်၊ အားလုံးလည်းသုကုမာရကို ဖတ်ဖြစ်အောင် ဖတ်စေချင်ပါတယ်။

သုခကာမီ ပညာရေးကျောင်း ကထိန်ပွဲ

2010년 1월 23일 토요일

လှူတတ်ကြပါစေ

မြန်မာလူမျိုးများဟာ အင်မတန်အလှူအတန်း ရက်ရောတဲ့ လူမျိုးများဖြစ်ပါတယ်။ ပြည်ထောင်စု တိုင်းရင်းသားတွေ အပါအ၀င် မြန်မာလူ့ဘောင်တစ်ခုလုံးမှာ အလှူဒါနနဲ့ ပတ်သက်တဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံ စကားပုံဆိုရိုးစကားတွေဟာ ပြောမဆုံးနိုင်အောင် ကျယ်ပြန့်လှပါတယ်။ အများစုဗုဒ္ဓ၀င်တွေပီပီ မွေးစနာမည်ပေး ကင်ပွန်းတပ်ကစပြီး ကွယ်လွန်လို့ ရက်လည်ဆွမ်းကျွေးတဲ့အထိ အလှူအတန်းဟာ ဘ၀တစ်လျှောက်လုံး ပါနေခဲ့တာပါ။ ဒါပေမယ့် လှူတာဟာ လှူတတ်ဖို့ လိုပါတယ်။ လှူတတ်ဖို့ဆိုတာက ကုသိုလ်တစ်ပဲ၊ ငရဲတစ်ပိဿာဖြစ်မဲ့ အလှူမျိုးမဟုတ်ဘဲ လှူရင် လှူသလောက် အာသေ၀နပစ္စည်းအရ ပထမဇောနဲ့ လက်ငင်းဘ၀မှာ ဒိဌဓမ္မအကျိုးပေးဖို့ ၊ ဒါမှမဟုတ် သတ္တမဇောနဲ့ နောက်လာမဲ့ ဒုတိယဘ၀မှာ အကျိုးပေးဖို့ ဒါမှမဟုတ် အလယ်ငါးဇောအရ နိဗ္ဗာန်မရမီစပ်ကြား ဖြစ်ရာဘ၀မှာ သင့်လျော်သလို အကျိုးပေးဖို့ ဖြူဖြူစင်စင် ကုသိုလ်တွေရကြစေဖို့ ဆိုလိုတာဖြစ်ပါတယ်။ဒါန
ဆရာကြီးဦးရွှေအောင်ရဲ့ ကိုယ်ကျင့်ဗုဒ္ဓ၀င် (ဗုဒ္ဓလောကသားတို့၏ အနှိုင်းမဲ့ ကျေးဇူးရှင် ) စာအုပ်မှာ "ဒါန၏ အနှစ်သာရမှာ စွန့်လွှတ်ခြင်းနှင့် အနစ်နာခံခြင်းဖြစ်၏ " ဒါနအမှုဖြစ်တဲ့ စွတ်လွှတ်ခြင်းနဲ့ အနစ်နာခံခြင်း ဆိုတာတွေကို ဘယ်ဘာသာဝင်မဆို လုပ်နိုင်ကြပါတယ်။ ဗုဒ္ဓဘာသာဝင်တွေအတွက်ကတော့ မြတ်ရွှေပြည် နိဗ္ဗာန်ကို လှမ်းတက်ဖို့ရာ ဒါန၊ သီလ၊ ဘာဝနာ ဆိုတဲ့ လှေကားထစ်သုံးခုအနက် အရေးပါလှတဲ့ လှေကားထစ်ဖြစ်ပါတယ်။ ဒါနဟာ နိဗ္ဗာန်မဂ်ဖိုလ်ကို တိုက်ရိုက်ပို့ဆောင်ပေးနိုင်တဲ့ နည်းလမ်းမဟုတ်သော်လည်း နိဗ္ဗာန်ရောက်ကြောင်းအထောက်အပံ့ (နိဗ္ဗာနပစ္စယော)တော့ဖြစ်ပါတယ်။ ဘယ်လိုအထောက်အပံ့ ဖြစ်စေသလဲဆိုတော့ လှူဒါန်းတဲ့နေရာမှာ ထားခဲ့တဲ့ စေတနာသဒ္ဓါတွေရဲ့အကျိုးကြောင့် အစစအရာရာ ပြည့်စုံဖူလုံုံစွာနဲ့ တစ်မဂ်တစ်ဖိုလ် မြန်မြန်ဆန်ဆန်ရောက်စေနိုင်ပါတယ်။ ဒါနမျိုးစေ့ ရှိတဲ့သူနဲ့ မရှိတဲ့သူ ဘာတွေကွာခြားစေသလိုဆိုတော့ ကားရှိတဲ့သူနဲ့ ခြေလျင်လျှောာက်ရတဲ့သူ ကွာခြားသလိုပဲ။ ကားရှိတဲ့သူ လိုရာခရီးကို မြန်မြန်ဆန်ဆန် ရောက်ရှိသွားတဲ့အချိန်မှာ ခြေလျင်သမားကတော့ နေပူပူအောက် ထီးကောက်တစ်ချောင်းနဲ့ ရုန်းကန်ရတုန်းပါ။ ဒါနအခြေခံရှိတဲ့သူဟာ အုတ်မြစ်ကောင်းချထားတဲ့ တိုက်အိမ်လိုပါပဲ။ အမြစ်အားကောင်းတဲ့ အပင်လိုပါပဲ။ ဖွံ့ဖြိုးတိုးတက်စည်ပင်ဖို့ အလွန်လွယ်ပါတယ်။ ဒီလိုအကျိုးပေးနိုင်ဖို့ သာမာန်ဖြစ်ကတတ်ဆန်း အလှူမျိုးနဲ့တော့ မရနိုင်ပါဘူး။ အလှူဒါနမှာ ပြည့်စုံရမယ့် အရည်အသွေးတွေ အရည်ချင်းလက္ခဏာရပ်တွေ ရှိနေပါတယ်။ဒါန၏ အင်္ဂါလက္ခဏာ
အဲဒီအရည်ချင်း အင်္ဂါလက္ခဏာတွေကတော့ ရုပ်ပိုင်းအရဆိုရင် အလှူပေးသူ၊ အလှူခံသူ၊ အလှူပစ္စည်းတို့ဖြစ်ပါတယ်။ ဘယ်သူမဆို လှူတာတော့ ဒီလိုဘဲလှူကြတာပါပဲ။ ဒါပေမယ့် လှူလိုက်ရခြင်း၏ အကျိုးပေးပုံခြင်းကတော့ တူကြမှာမဟုတ်ပါဘူး။ ဒါဟာဆိုရင် အလှူရဲ့စင်ကြယ်ခြင်း ကွားခြားခဲ့လိုပါပဲ။ ညောင်စေ့လောက် လှူသော်လည်း ညောင်ပင်ကြီးလောက်ရတတ်ပြီး၊ ညောင်ပင်လောက် လှူသော်လည်း ညောင်စေ့လောက်ရသလိုမျိုးပေါ့။ ကဿပမြတ်စွာဘုရားရှင်လက်ထက်တော်က မဟာဒုတ်ဆင်းရဲသားဟာ ထင်းပေါက်လို့ရတဲ့ အခကြေးငွေ၊ ပံ့သကူရတဲ့ ငါကြင်းကြီးတစ်ကောင်နဲ့ပဲ မြတ်စွာဘုရားရှင်ကို ဆွမ်းကပ်ရတာ ဒိဌဓမ္မ ချက်ချင်းလက်ငင်း အကျိုးပေးတာမျိုး ဖြစ်ပါတယ်။ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက မဟာဒုတ်အကျိုးပေးပုံနဲ့ ပတ်သက်လို့ အင်္ဂါသုံးတန်နဲ့ပြည့်စုံလို့ အကျိုးပေးခြင်းဖြစ်တဲ့အကြောင်း အခြေပြုပဌာန်းတရားတော် အာသေ၀နပစ္စည်းအပိုင်းမှာ ဟောတော်မူခဲ့ပါတယ်။အလှူရှင်
အင်္ဂါသုံးတန်မှာ ပထမအင်္ဂါတစ်ခုကတော့ အလှူရှင်ရဲ့ ထက်သန်တဲ့ စေတနာသဒ္ဓါတရားပါပဲ။ စေတနာဟာ ကံဖြစ်တယ်လို့ မြတ်စွာဘုရားဟော်တော်မူခဲ့အတိုင်း စေတနာကြီးမြင့်သလောက် ကံလည်းကြီးမြင့်တာပါပဲ။ ကိုယ်စားမဲ့ထမင်းထုပ်ကို မစားဘဲ၊ ရဟန္တာကိုလှူတာ၊ ပစ္စေကဗုဒ္ဓါကိုလှူတာ၊ ကျွန်ခံနေရတဲ့ သမီးလေးကို ရွေးဖို့ငွေပိုက်ဆံနဲ့ တောလမ်းခရီးမှာ တွေ့ရတဲ့ ရဟန်းတော်ဆွမ်းဘုန်းပေးဖို့အတက် ဆွမ်းဝယ်ပြီးလှူလိုက်တဲ့ မဟာတိဿယ ဒါယကာလို သဒ္ဓါထက်သန်တဲ့ အလှူအတန်းမျိုးဟာ ဘယ်လောက်များမြင့်မြတ်လိုက်ပါသလဲ။ တကယ်တော့ လှူတယ်ဆိုတာ စွန့်လွှတ်ပေးကမ်းတာ၊ ကိုယ်ပိုင်ပစ္စည်းကို စွန့်လွှတ် ပေးကမ်းရတာ၊ ကိုယ်ပိုင်ပစ္စည်းကို စွန့်လှူရတာဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ဆိုသော် ငါ့ဟာ၊ ငါ့ဥစ္စာဆိုတဲ့ ''ငါ''တပ်မက်မှုတဏှာ၊ လောဘကို ချုပ်တည်းပယ်ဖြတ်ပြီးမှ စွတ်လွှတ်လှူဒါန်းရတာ၊ ငါမဟုတ်တဲ့နာမ်ရုပ်ကို ငါလို့စွဲမှတ်နေတဲ့ အ၀ိဇ္ဇာနှင့် သကာယဒိဌိကို ပယ်သတ်နိုင်ဖို့ တိုက်ပွဲဝင်လှူဒါန်းရတာဖြစ်ပါတယ်။ အတ္တကြီးလေလေ၊ လောဘကြီးလေလေ၊ ကိလေသာကြီးလေလေ၊ စွန့်လွှတ်ရမှာနှမြောလေလေပါပဲ။ တပ်မက်မှုတဏှာကြီးမားလေ၊ စွန့်လွှတ်ဖို့ခက်လေလေပါပဲ။ အဲဒီတော့ မဟာတိဿယလို လှူဒါန်းဖြစ်ဖို့အတွက် စေတနာသဒ္ဓါတရားကြီးမားဖို့ လိုအပ်ပြီပေါ့။ ထမင်းနဲအိုးကွဲလို့ ရွှေစည်းခုံလှူတာမျိုး၊ အကျိုးလိုလို့ ညောင်ရေလောင်းတာမျိုး၊ တစ်ကျပ်ဖိုးလှူပြီး တစ်ရာဖိုးလိုချင်လို့လှူတာမျိုး၊ ပကာသန၊ ရာထူးဂုဏ်၊ နာမည်ကျော်စောဖို့အတွက် လှူတာမျိုးဆိုရင်တော့ တကယ်သဒ္ဓါစစ်စစ်နဲ့ လှူတာမဟုတ်တဲ့အတွက် စင်ကြယ်သောအလှူလို့ မခေါ်ဆိုနိုင်ပါဘူး။ တကယ်စင်ကြယ်တဲ့ သဒ္ဓါတရားဆိုတာ လှူလိုက်ရလို့ အလှူခံပုဂ္ဂိုလ်မှာ အကျိုးဖြစ်ထွန်းတာကို သိမြင်ရပြီး ပီတိဖြစ်တဲ့စိတ်ကလေးပါ။ သို့ပေမယ့် ငါဥစ္စာဆိုတဲ့ နှမြောဝန်တိုစိတ်နည်းနည်းလေးမှ မဖြစ်မိဖို့ လိုပါတယ်။ သတိကပ်ပြီး ဉာဏ်နှင့်ယှဉ်ဖို့လိုပါတယ်။ အစာငတ်နေသော ခွေးကလေးကို အစာကျွေးလိုက်ရတာ၊ လုပ်ကိုင်မစားနိုင်သော ဒုက္ခိတပုဂ္ဂိုလ်များကို ကူညီလှူဒါန်းလိုက်ရတာ၊ ဆွမ်းစားချိန်လင့်နီးနီး ဖြစ်နေသော ရဟန်းသံဃာတော်ကို အချိန်မီဆွန်းကပ် လှူဒါန်းလိုက်ရတာ စသဖြင့် အလှူခံပုဂ္ဂိုလ်ကို အယုတ်အလတ်အမြတ်မရွေးပဲ မွန်မြတ်သော စေတနာသဒ္ဓါတရားနဲ့လှူမှ တကယ်စင်ကြယ်သော စေတနာဖြစ်မှာပါ။ လှူဒါန်းတဲ့နေရာမှာ ငါမလို့လှူနိုင်တာ၊ သင်းတို့ကဒီလောက်လှူနိုင်ရင် ငါတို့က ဒါထက်သာအောင်လှူမယ်ဆိုတဲ့ မာနစိတ်တွေ၊ ဣဿမစ္ဆိရိယစိတ်တွေနဲ့ လှူမယ်ဆိုပြန်ရင်လည်း ကုသိုလ်ကြောင့် အကုသိုလ်ဖြစ်ရတဲ့ ဥပနိဿယ ပစ္စည်းဖြစ်ရပြန်ပါတယ်။ ကုသိုလ်ကိုအမှီပြုပြီး အကုသိုလ်ကိုဖြစ်ရတဲ့အတွက် ကြောက်ဖို့ကောင်းလှပါတယ်။ ဒါဟာ အလှူရှင်ရဲ့ စင်ကြယ်မှုဖြစ်၏၊ မဖြစ်၏ဆိုတဲ့အပိုင်းပါ။အလှူခံပစ္စည်း
အလှူခံပစ္စည်းရဲ့ စင်ကြယ်မှုအပိုင်းကတော့ စာဖတ်သူများ သိရှိပြီး ဖြစ်ပါလိမ့်မယ်။ အဓိက ကတော့'ဓမ္မိယလဒ္ဓ' စင်ကြယ်တဲ့ပစ္စည်းဖြစ်ဖို့ပါပဲ။ စင်ကြယ်တဲ့ပစ္စည်းဖြစ်ဖို့ဆိုတာ မိစ္ဆာအာဇီဝလို့ ခေါ်တဲ့ လုပ်ငန်း(၅) မျိုးကိုရှောင်ကြဉ်ဖို့ပါပဲ။(၁) သတ္တ၀ါတွေ သေစေနိုင်သော လက်နက်များ ကုန်ကူးခြင်း။(၂) သတ္တ၀ါတွေ သေစေနိုင်သော အဆိပ်များ ကုန်ကူးခြင်း။(၃) သားငါးများ ကုန်ကူးခြင်း။(၄) အရက်သေစာများ ကုန်ကူးခြင်း။(၅) ကျွန်အဖြစ်၊ ပြည့်တန်ဆာအဖြစ် အသုံးပြုရန် လူများ ကုန်ကူးခြင်း။
အဲဒီလို မကောင်းမှုနဲ့ ရှာဖွေရယူထားတဲ့ ပစ္စည်းမဖြစ်ဖို့၊ ခိုးပြီး၊ လိမ်ပြီး၊ လုယက်ပြီး သူတစ်ပါးဆီက မတရားသဖြင့်ရယူထားတဲ့ ပစ္စည်းမဖြစ်ဖို့၊ မိမိရဲ့ရိုးသားဖြောင့်မတ်စင်ကြယ်စွာ အသက်မွေးဝမ်းကြောင်းနဲ့ ရှာဖွေရရှိထားတဲ့ ပစ္စည်းဖြစ်ဖို့ပါပဲ။ မကောင်းမှုနဲ့ ရထားတဲ့ပစ္စည်းကို လှူလို့ရော အကျိုးမပေးဘူးလားဆို အကျိုးပေးပါတယ်။ သို့သော် မကောင်းမှုနဲ့ယှဉ်တဲ့ အကျိုးသွားလေးကတော့ ပါနေတော့မှာပေါ့။အလှူခံပုဂ္ဂိုလ်
နောက်တစ်ပိုင်းကတော့ အလှူခံပုဂ္ဂိုလ်ရဲ့ စင်ကြယ်မှုအပိုင်းပါပဲ။ အလှူခံပုဂ္ဂိုလ်ဟာ စင်ကြယ်မြင့်မြတ်လေလေ လှူရတဲ့သူအဖို့ အကျိုးရှိလေလေပါပဲ။ မဟာဒုတ်ဒါယကာရဲ့ဆွမ်းကို ကဿပမြတ်စွာဘုရားရှင်က ချီးမြှေက်ဖို့အတွက် သမာပတ်ဝင်စားပြီး စိတ်တော်ကို နိဗ္ဗာန်အာရုံပြုပြီး ထုံထားပြီးမှ သမာပတ်က ထပြီးတော့ မဟာဒုတ်ဆွမ်းကို သပိတ်တော်ဘုန်းပေးတော်မူပါတယ်။ လောကတွင် အမြင့်မြတ်ဆုံး အစင်ကြယ်ဆုံး ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုယ်တော်တိုင်မှ ပိုမိုစင်ကြယ်သွားးအောင် သမာပတ်ဝင်စားပြီးမှ အလှူခံတော်မူတာဖြစ်ပါတယ်။တကယ်တော့ ပါရမီဆိုတာလည်း အရင်းခံအားဖြင့် တပ်မက်တဲ့တဏှာကိုသတ်ဖို့ ကြိုးစားတာပဲဖြစ်ပါတယ်။ ဒါနဆိုတာကလည်း ကိုယ်မှာရှိတဲ့ လောဘကိုထိန်းချုပ်၊ ကိုယ်ပိုင်ပစ္စည်းကို စွန့်ပြီး တဏှာကိုသတ်ဖို့ ကြိုးစားတာဖြစ်တဲ့အတွက် ပါရမီ(၁၀)ပါးကို ဖြည့်ရာလည်းရောက်ပါတယ်။ပါရမီ(၁၀)ပါး(၁) ဒါန = ပေးကမ်း လှူဒါန်းခြင်း။(၂) သီလ = သီလဆောက်တည်ခြင်း။(၃) နိက္ခမ = ကိလေသာ အနှောင်အဖွဲ့မှထွက်ခြင်း(တောထွက်ခြင်း)။(၄) ပညာ = ပညာဆည်းပူးခြင်း ၊ ဖြန့်ဝေခြင်း။(၅) ၀ီရိယာ = မဆုတ်မနစ် ကြိုးစားအားထုတ်ခြင်း။(၆) ခန္တီ = သည်းခံခြင်း၊(၇) သစ္စာ = မှန်ကန်သော စကားကိုဆိုခြင်း။(၈) အဓိဌာန် = ဆုံးဖြတ်ချက်အတိုင်း အောင်မြင်အောင် ဆောင်ရွက်ခြင်း။(၉) မေတ္တာ = ဒေါသမဖြစ်အောင်နေခြင်း။(၁၀) ဥပေက္ခာ= ချစ်ခြင်း၊ မုန်းခြင်း အစွန်းနှစ်ဖက်မှလွတ်အောင်နေခြင်း။
မိမိရဲ့အလှူဟာစင်ကြယ်တဲ့ အလှူဖြစ်တဲ့အတွက် ကိုယ်ပိုင်ပစည်းကို စွန့်ပြီး တဏှာကိုသတ်ဖို့ ကြိုးစားတာဖြစ်တဲ့အတွက် ဒါနပါရမီမြောက်ပါတယ်။ ကိုယ်ကျင့်ဗုဒ္ဓ၀င်ကျမ်းပြု ဆရာကြီးဦးရွှေအောင်ရဲ့ အဆိုတွင် ယတိပြတ်စွန့်လွှတ်လှူဒါန်းတာ ဖြစ်ရင် နိက္ခမပါရမီ၊ မိမိဒါန အထမြောက်အောင်မြင်ဖို့အတွက် အားထုတ်ကြိုးစားရတဲ့အတွက် ၀ီရိယပါရမီ၊ ပညာဆင်ခြင်တုံဉာဏ်နဲ့ယှဉ်ပြီး လှူဒါန်းတဲ့အခါမှာ ပညာပါရမီ၊ မဖြစ်ဖြစ်အောင် လှူမယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်မှုနဲ့လှူတဲ့အတွက် အဓိဌာန်ပါရမီ၊ အလှူခံပုဂ္ဂိုလ်အပေါ် စေတနာသဒ္ဓါအပြည့်နဲ့ မေတ္တာထားပြီးလှူတဲ့အတွက် မေတ္တာပါရမီ၊ ဒါနပြုရာမှာကြုံတွေ့ရတဲ့ အခက်အခဲအမျိုးမျိုးကို သည်းခံကျော်လွှားရတဲ့အတွက် ခန္တီပါရမီ၊ အလှူရှင်အပေါ် အလှူခံပုဂ္ဂိုလ်ဖြစ်ဖြစ်၊ဘေးပရိတ်သတ်ကဖြစ်ဖြစ် ကဲ့ရဲ့တာ၊ ချီးမွမ်းတာကို မတုန်မလှုပ် သည်းခံနိုင်မယ်ဆိုရင် ဥပေက္ခာပါရမီ၊ စတဲ့ ပါရမီ(၁၀)ပါးပါဝင်နေသလို ပါရမီဖြည့်ရာလည်း ရောက်ပါတယ်။ ဒါနတစ်ခုကို ပြုတော့မယ်ဆိုရင် ပါရမီအားလုံး ပြည့်စုံနေတဲ့ ပါရမီကုသိုလ်ကြီးတစ်ခု ပြုလိုက်တယ်လို့ ဆိုနိုင်ပါတယ်။ သို့သော် လှူတတ်ဖို့တော့ လိုပါလိမ့်မယ်။ ဘယ်လိုလှူကြမလဲ။ ကျွန်တော်နားလည်သလောက် အကြံပြုပါရစေ။လှူတဲ့ပုဂ္ဂိုလ်အနေနဲ့ စေတနာကို စင်ကြယ်စွာထားနိုင်ဖို့ လိုပါတယ်။ လူချမ်းသာ၊ နတ်ချမ်းသာ စတဲ့ ကောင်းကျိုးချမ်းသာတွေကို လိုချင်လို့ လောဘနဲ့လှူတဲ့ အလှူမျိုး၊ သူများနဲ့ဂုဏ်တု ဂုဏ်ပြိုင် မခံချင်စိတ်နဲ့လှူတဲ့ အလှူမျိုး၊ သူများကဲ့ရဲ့မှာကြောက်လို့ လှူတဲ့အလှူမျိုး၊ စေတနာမပါတဲ့ အလှူမျိုး၊ အဲဒီလိုအလှူမျိုးတွေ မဖြစ်စေချင်ပါဘူး။လှူတဲ့နေရာမှာ နိဗ္ဗာန်ကိုသာ ရည်မှန်းပြီးလှူပါ။ နိဗ္ဗာန်ကိုသာ ရည်မှန်းပြီးလှူရင် ကျွဲကူးရေပါသလို လူချမ်းသာ၊ နတ်ချမ်းသာဆိုတာ အလိုလို ပါပြီးသားပါ။ အရိယာသူတော်စင် များကလည်း ကိုယ်ချမ်းသာဖို့သက်သက်ကို ရည်စူးပြီးလှူတာကို အနှစ်မြို့ကြပါဘူး။ မိုးကုတ်ဆရာတော် ဘုရားကြီး မိန့်ဆိုခဲ့သည်မှာ ''လူချမ်းသာ၊ နတ်ချမ်းသာဖြစ်ချင်လို့ ကုသိုလ်လုပ်ရင် ကုသိုလ်ကံနဲ့ တဏှာရောနေတယ်။ ကုသိုလ်လုပ်တာက ကုသိုလ်၊ ''လူချမ်းသာ၊ နတ်ချမ်းသာဖြစ်ချင်တာက တဏှာပေါ့။ လူ့ဘ၀၊ နတ်ဘ၀ဆိုတဲ့ 'ဒုက္ခသစ္စာ' မထည့်ပါနဲ့။ နောက်ဘ၀ မသာဖြစ်တာ ကောင်းစားတာလား၊ မသာလွတ်မှကောင်းစားမှာပေါ့။ ကိုယ့်မှာလည်း ဒုက္စသစ္စာရှိနေပါလျက်နဲ့ နောက်ဒုက္စသစ္စာကို တောင့်တဖို့ လိုပါအုန်းမလား။ ၃၁-ဘံအားလုံးဟာ အနိစ္စကြီးပဲ။ လူပြည်ဆုတောင်းတာ မြေကြီး ကြီးပွါးဖို့၊ နတ်ပြည်ဆုတောင်းတာ အသေထပ်ဖို့၊ ဗြဟ္မာပြည်ဆုတောင်းတာ မသာကြီးချဖို့၊ ဒီဒုက္ခသစ္စာကြီး မရချင်ရင် လှူပါ'' လို့ မိန့်ကြားတော်မူခဲ့ပါတယ်။လှူတဲ့နေရာမှာ ပုဗ္ဗ၊ မုဉ္စ၊ အပရ ဆိုတဲ့ စေတနာသုံးတန်ကို ပြတ်ပြတ်သားသား ပြဌာန်းပြီးတော့ တဏှာစွဲ ကျွတ်ကျွတ်လွတ်လွတ်နဲ့ စွန့်လွတ်ပြီးတော့ လှူလိုက်ပါ။ ငါစွဲမထားပါနဲ့၊ ငါ့ဥစ္စာစွဲ မထားပါနဲ့။ နိက္ခမပါရမီမြောက်အောင် လှူလိုက်ပါ။ ''ဒါနဆိုတာ ငါ့ပစ္စည်းဆိုတဲ့အစွဲကို စွန့်လွှတ်ပစ်တာ။ မမျှော်နဲ့၊ မျှော်ရင်ချော်မှာပဲ။ မျှော်တာက တဏှာ၊ အကျိုးပေးမှာက စေတနာ။ စေတနာသန့်ရှင်းရင် အကျိုးပေးသန့်ရှင်းမယ်။ ပစ္စည်းကို လက်ကလွှတ်ပေမဲ့ ငါစွဲစိတ်က မလွှတ်မိရင် ငါ၊ ၀တ္ထု၊ ပုဂ္ဂိုလ် စွဲများကြောင့် ပြိတ္တာခန်း တန်းဝင်ကြရမယ် '' လို့ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးက ဆုံးမတော်မူခဲ့ပါတယ်။ လှူတဲ့နေရာမှာ ဒါနပါရမီသာမက ၀ိရိယပါရမီပါမြောက်အောင်၊ သဟသိကဒါန မြောက်အောင် ကိုယ်တိုင်ကိုယ်ကျ ၀ီရိယစိုက်ထုတ်ပြီး ဝေယျာဝစ္စကုသိုလ်ကိုပါ ရအောင်ယူပါ။အလှူခံပုဂ္ဂိုလ်အတွက် အလိုအပ်ဆုံးအချိန်မှာ အလိုအပ်ဆုံး ပစ္စည်း၊ အထောက်အပံ့ကို ပေးလှူနိုင်အောင်၊ (ကာလေဒါန)ဖြစ်အောင် ကြိုးစားပါ။ အလှူခံပုဂ္ဂိုလ်ကို အယုတ်အလတ် အမြတ်မရွေး ကိုယ့်ကုသိုလ်ဖြစ်မြောက်အောင် ဖြည့်ဆည်းပေးတဲ့ ကျေးဇူးရှင်တွေအဖြစ် မေတ္တာထားပြီး လေးလေးစားစား ပေးလှူပါ။ မိမိရဲ့အလှူ အောင်မြင်ပြီးမြောက်တဲ့အထိ အခက်အခဲမှန်သမျှကို ရင်ဆိုင်ကျော်လွှားသည်းခံပြီး မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်ပြီးလှူပါ။ မိမိရဲ့ အလှူပစ္စည်းဟာလည်း ဓမ္မိယလဒ္ဓ၊ စင်ကြယ်စွာရှာဖွေထားတဲ့ ပစ္စည်းဖြစ်ပါစေ။ ခိုးဝှက်၊ လုယက်၊ အဓမ္မရယူထားတဲ့ပစ္စည်း မဖြစ်ပါစေနဲ့။ ကိုယ်ရဲ့ချွေးနှဲစာနဲ့ ရှာဖွေထားတဲ့ပစ္စည်းဟာ အစင်ကြယ်ဆုံးပါ။ 'အသယှ' ဇာတ်တော်မှာ 'အသယှ' သူဌေးဟာ ရှိသမျှပစ္စည်း လှူဒါန်းလိုက်လို့ကုန်တော့၊ ခုနှစ်ရက်လုံးလုံး မြက်ရိတ်ပြီး ရောင်းရငွေနဲ့ တစ်မိသားစုလုံး ထမင်းတောင်မစားဘဲ အငတ်ခံပြီးလှူဒါန်းလို့ သိကြားမင်းရဲ့ ဗိမာန်တောင် တုန်လှုပ်ပါတယ်လို့ ဆိုထားပါတယ်။ လှူတဲ့အချိန်မှာ မြင့်မြတ်တဲ့အလှူခံပုဂ္ဂိုလ်ကို လှူနိုင်ရင်တော့ အကောင်းဆုံးဖြစ်ပါတယ်။ အခုအခါမှာ အရိယသံဃာတော်ကြီးများ၊ ပစ္စေကဗုဒ္ဓါစတဲ့ အလှူခံပုဂ္ဂိုလ်မျိုး ရှာရခက်လေတော့ အကောင်းဆုံးအကြံပြုချင်တာက သံဃာတော်များကိုရည်မှန်းပြီး လှူတာပါပဲ။ ရဟန်းတော်တစ်ပါးချင်းကိုရည်ရွယ်ပြီး လှူတာထက် သံဃာတော်များကိုရည်မှန်းပြီး လှူတာက ပိုပြီးမြင့်မြတ်ပါတယ်။ ပိုပြီးလည်း အပြစ်ကင်းပါတယ်။လှူတယ်ဆိုတာ ပစ္စည်းရှိမှလှူနိုင်တာ မဟုတ်ပါဘူး။ အမိအဘကို လုပ်ကျွေးတာ၊ သားသမီး မိသားစုကိုလုပ်ကျွေးတာ၊ ဆွေမျိုးမိတ်သင်္ဂဟကို စောင့်ရှောက်တာလည်း အလှူတွေပါပဲ။ မိမိရဲ့ပညာကို မျှဝေတာ၊ မိမိရဲ့လုပ်အားကိုမျှဝေတာ၊ မိမိရဲ့အားလပ်ချိန်ကို လူမှုရေးလုပ်ငန်းတွေမှာ လုပ်ဆောင်ပေးတာတွေဟာလည်း ပညာအလှူ၊ လုပ်အားအလှူ၊ အချိန်အလှူတွေပါပဲ။ ''မရှိလို့မလှူ မလှူလို့မရှိ'' ဆိုတာမဟုတ်ပါဘူး။ မရှိပေမယ့်လည်းလှူနိုင်ပါတယ်။ လှူချင်စိတ်မရှိလို့သာ မလှူကြတာပါ။ လှူချင်တဲ့ သဒ္ဓါစိတ်ရှိရင် ဘုရားအလောင်းယုန်မင်းတောင်မှ ကိုယ့်ကိုယ်ကို မီးပုံထဲခုန်ချဆင်းပြီး လှူခဲ့သေးတာပဲ။ ကိုယ့်ခန္ဓာကိုယ်ကနေ သွေး၊ မျက်ကြည်လွှာ လှူနိုင်ပါတယ်။ အရေးကြီးတာက လှူချင်တဲ့သဒ္ဓါစိတ်ရှိဖို့ပါပဲ။ လှူချင်တဲ့သဒ္ဓါစိတ်ထက်သန်ဖို့ပါပဲ။လောကီအရကြည့်မယ်ဆိုရင် အရာရာကိုစွတ်လွှတ် နိဗ္ဗာန်လမ်းကိုသာ ရောက်ရှိရေးအတွက် တရားဓမ္မကိုကျင့်ကြံအားထုတ်နေသော ဘိက္ခုအရှင်သူမြတ်တွေ၊ ရှေးကပြူဖူးသောကံမကောင်းရှာလို့ ဒုက္ခိတဖြစ်ရပြီး လုပ်မစားနိုင်သော မသန်စွမ်းသူတွေ၊ ပဋ္ဋိရူပဒေသ အမှီမရလို့ ငယ်စဉ်က ပညာသင်ခွင့်ကောင်းကောင်းမရကြလို့ အသက်မွေးဝမ်းကျောင်း ခက်ခဲပြီး ဆင်းရဲနေကြသော မရှိဆင်းရဲသားများ ကို လှူဒါန်းရတာဟာ လောကကြီးကိုဟန်ချက်ညီအောင်၊ မျှတအောင် ကူညီလုပ်ဆောင်နေတာပါ။ ထို့ကြောင့် လှူတတ်မယ်ဆိုရင် လှူတယ်ဆိုတာ လောကီ၊ လောကုတ္တရာ နှစ်ဖြာသောအကျိုးကို ရရှိတာပါ။ လူတိုင်းလူတိုင်း ကလျာဏပုထုဇဉ်တိုင်း ဒါနအမှုကိုတော့ ပြုသင့်ကြပါတယ်။ ဒါန၊ သီလ၊ ဘာဝနာ မပါရင် သန်းခေါင်လကွယ်၊ တောအုပ်လယ်၌ အမှောင်ထဲမှာ လမ်းပျောက်ရသူလို သံသရာလမ်းမှာ စမ်းတ၀ါးဝါး ဖြစ်နေရမှာပါ လို့ လယ်တီဆရာတော်ဘုရားကြီး ဆုံးမတော်မူခဲ့ပါတယ်။ဤစာစောင်ကို ဖတ်ရှုကြရသော ဓမ္မချစ်ခင် သူတော်စင်အပေါင်းတို့သည် သတ္တ၀ါအားလုံးတို့ကို လှူနိုင်၊ ပေးနိုင်၊ ကျွေးနိုင်၊ ကမ်းနိုင်သော သူတော်ကောင်းသူတော်မြတ်များ ဖြစ်ကြပါစေ။ ဤစာစောင်ကို ဖတ်ရှုပြီးချိန်မှစ၍ နိဗ္ဗာန်ရောက်ကြောင်းအထောက်အပံ့ဖြစ်စေရန် လှူတတ်သော ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလိမြတ်များ ဖြစ်ကြပါစေ။ တယောက်ကိုတစ်ယောက် ပီယစက္ခု ချစ်ခင်သောမျက်လုံးဖြင့်ကြည့်ရှုနိုင်ကြပြီး သူတော်ကောင်းတရား လက်ကိုင်ထားနိုင်ကြ၍ သံသရာဝဋ္ဋ်ဆင်းရဲမှ လွတ်မြောက်နိုင်ပါစေကြာင်း တိုက်တွန်းနှိုးဆော်ရင်း ဤစာစောင်ဖြင့် ဓမ္မဒါန ပြုအပ်ပါသည်။ရေနံသာမောင်ဘဲ၏ ဓမ္မဒါနဖြစ်သည် ... ။

댓글 2개:

Maribel Artaste :

Hi!Great and interesting blog you have:) Come and visit my site too. http://motors.com.mm/?utm_campaign=mot_mm_lb_blog_martaste&utm_source=mot_lb_blog&utm_medium=lb_blog

Mary Grace :

Hi your blogs looks so impormative and interesting.would you come and visit us back too
http://ads.com.mm/?cid=4fd9a687e4b0fa6db841e34f&utm_campaign=ads_mm_lb_blog_mgesc&utm_source=ads_lb_blog&utm_medium=lb_blog