လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

ဆရာတော်များ၏ဂုဏ်ကျေးဇူးများအားခြေတော်ဦးခိုက် ရှိခိုးကန်တော့ပါ၏ဘုရား

ဆရာလေးနှင့် သုကုမာရ

လယ်တီဆရာတော်ဘုရားကြီး၏ သုကုမာရဘာသာကို ဆရာလေးသီလရှင် ဝတ်တဲ့နှစ်မှာ စပြီးသင်ခဲ့ရပါတယ်၊သီလရှင်ဝတ်စတုန်းကတော့ မပျှော်ရင် ၁နှစ်တော့ဝတ်မယ်၊ ပျှော်ရင်တော့ ၃ နှစ်ဆိုပြီးတော့ပေါ့၊ သီလရှင်ဝတ်မယ်ပြောတော့ အားလုံးကသဘော မတူပါဘူး၊ အတိတ်ကရေစက်ကြောင့်လားတော့အသိဘူး၊ အခုသီလရှင်ဝါ- ၁၃-ဝါရှိသွား ပါပြီ၊ သုကုမာရဘာသာက မူလတန်းတုန်းကသင်ခဲ့ရတာပါ၊ အရမ်းစိတ်ဝင်စားတယ်၊ ဘာကြောင့်လည်းဆိုတော့ ကဗျာလေးတွေလိုကျက်ပြီး မှတ်ရလို့ပါ၊ စာပြန်တော့မယ်ဆို အလုအယက်ဘဲ ၊ဘယ်လောက်စိတ်ဝင်စားသလဲဆိုတော့ ၊ သီလရှင်ဘဝလေးမြဲသွား တာလဲ သုကုမာကြောင့်လို့ဘဲဆိုချင်ပါတယ်၊ အားလုံးလည်းသုကုမာရကို ဖတ်ဖြစ်အောင် ဖတ်စေချင်ပါတယ်။

သုခကာမီ ပညာရေးကျောင်း ကထိန်ပွဲ

2009년 2월 23일 월요일

စိတ်ထားမြတ်မှ ဘဝမြတ်မယ်

ဗုဒ္ဓမြတ်စွာဘုရားဟာ စိတ်တခုကိုနိုင်အောင်ထိန်းဖို့ ဆုံးမသွန်သင်ခဲ့တာကိုတော့ အားလုံးသိပြီးသာဖြစ်မှာပါ၊ စိတ်ကလေး ထားတတ်နိုင်အောင်ကြိုးစားရတာလည်း တော်တော်ကို မလွယ်လှပါဘူး၊
လူတယောက်ရဲ့ခန္ဓာကိုယ်မှာ စိတ်ကဘဲဦးဆောင်ပါတယ်၊ အိပ်ချင်တာလဲဒီစိတ်၊ စားချင်တာလည်းဒီစိတ်၊ သွားချင်တာ ကုန်ကုန်ပြောရရင်တော့ ချင်တာမှန်သ၍ စိတ်ကြောင့်ချည်းပါဘဲ၊ ပုထုဇဉ်တိုင်း
ဟာ ကိလေသာ (၁၀)ပါး ရှိနေတုန်းပါ၊ ကိလေသာ(၁၀)ပါးဆိုတာက( လောဘ၊ဒေါသ၊ မောဟ၊ မာန၊ ဒိဌိ၊ ဝိစ္ဆိကိစ္စာ၊ ထိန၊ မိဒ္ဓ၊ ဥဒ္ဓစ္စ၊ အနောတ္တပ္ပ) ကိုခေါ်ပါတယ်၊ တနေ့တနေ့စဉ်းစားကြည့်ကြပါ၊
ကုသိုလ်နဲ့ အကုသိုလ်ဘယ်ဟာက ပိုများလဲလို့၊ မနက်မိုးလင်းအိပ်ရာထတဲ့အချိန်ကစလို့ ညအိပ်ရာဝင်တဲ့အချိန်ထိ ငါဒီနေ့ ကုသိုလ်စိတ်နဲ့ အကုသိုလ်စိတ် ဘယ်ဟာက ပိုများလဲ သုံးသပ်ကြည့်ရင်
သိနိုင်ပါတယ်၊ ဆရာလေးလဲ နေ့စဥ့်ဒီလိုဘဲ သုံးသပ်ကြည့်မိပါတယ်၊ အကျင့်ရသွားတဲ့အခါ တော်တော်အဆင်ပြေပါတယ်၊ အားလုံးသောစာဖတ်ပရိတ်သတ်များကိုလည်းတိုက်တွန်းအပ်ပါတယ်၊
...

လောကမှာ လူရယ်လို့ဖြစ်လာရင် အဓိပ္ပါယ်ရှိစွာနေတတ်ရတယ်ဆိုတဲ့စကား ကြားဖူးပါတယ်၊ ခဏလာတဲ့ လူ့ဘဝလေးမှာ ကျင်လည်နေခိုက် အဓိပ္ပါယ်ရှိတဲ့အလုပ်၊ အပြောအဆို၊ အနေအထိုင်
အားလုံးကို ဆင်ခြင်နေထိုင်ရမှာက သူများမဟုတ်ဘူး မိမိပါ၊ မိမိရဲ့စိတ်ကိုဖြူစင်အောင်ထားရမယ်၊ တဖက်သားအပေါ်ကို မိမိကဲ့သို့စိတ်ထားပြီး သနားကျင်နာရမယ်၊ ကိုယ်ပြောလိုက်တဲ့စကားလေး
တခွန်းကြောင့် သူများစိတ်အနှောက်အရှက်မဖြစ်အောင် သတိနဲ့ ထိန်းသိမ်းပြောဆိုရမယ်၊ စိတ်မထိန်းနိုင်တဲ့ အတွက်ကြောင့် မှားပြီးရင်းမှားရင်းတွေ များသောအားဖြင့်ရှိကြပါတယ်၊ တချို့ဆိုရင်
မိဘတောင်ပြန်သတ်တာမျိုးရှိပါတယ်၊ ဒါလည်းစိတ်ကရှေ့ကသွားလို့သာဖြစ်တာပါ၊ ကံ(၃) ပါးမှာ ကာယကံ၊ ဝစီကံ၊ မနောကံလို့ရှိပါတယ်၊ ကာယကံနဲ့ဝစီကံဟာ မနောကံ မဖြစ်ဘဲနဲ့ လုံးဝပြုလုပ်
ပြောဆိုလို့မရပါဘူး၊ မနောက(စိတ်)ထဲက ဖြစ်ပြီးမှသာ ပြုလုပ်ပြောဆိုလို့ရနိုင်ပါတယ်၊ စိတ်နဲ့ပတ်သက်ပြီး ဗုဒ္ဓဘုရားရှင်ဟောကြားခဲ့တာက စိတ်သာလျှင်ရှေ့သွားရှိကုန်သည်၊ စိတ်သာလျှင်
အကြီးအမှူးရှိကုန်သည်၊ စိတ်ဖြင့်သာပြီးကုန်သည်၊ မကောင်းသောစိတ်ဖြင့်ပြောဆိုပြုလုပ်လျှင် လှည်းဘီးသည် ဝန်ဆောင်နွားခြေရာကို အစဉ်လိုက်သကဲ့သို့ မကောင်းမှူ့ ပြုလုပ်သူနောက်သို့
မကောင်းမှူ့သည် အစဉ်လိုက်သည်လို့ ဟောကြားခဲ့သလို ကောင်းမှူ့ပြုသူနောက်သို့လည်း အရိပ်သည်အစဉ်လိုက်သကဲ့သို့ ကောင်းမှူ့ချမ်းသာအစဉ်လိုက်သည်လို့ ဥပမာပေးဟောကြားတော်မှု
ခဲ့ပါတယ်၊ တချို့သောလူတွေ ပြောတာရှိပါတယ်၊ ဒီဘဝဒီကိုယ်စံ၊ နောင်ဘဝနောက်ကိုယ်ခံတဲ့၊ အဲဒါမဟုတ်ပါဘူး၊ နောင်ဘဝလည်းဒီကိုယ်ဘဲခံရမှာပါ၊ ဗုဒ္ဓဘုရားရှင်ဟောကြားခဲ့တဲ့ ဥပမာအတိုင်း
ကိုယ့်ရဲ့ ကောင်းမှူ့ မကောင်းမှူ့ဟာ ကိုယ့်နောက်မှာထပ်ချပ်မကွာလိုက်နေမှာပါ၊ အားလုံးသော စာဖတ်ပရိတ်သတ်တိုပလည်း ဘဝမြတ်ဖို့အတွက် စိတ်ထားကောင်းတွေ ထားနိုင်ကြပါစေလို့ ဆန္ဒပြုလျှက်ပါ။
...

2009년 2월 9일 월요일

ကာယကတာ သတိပဋ္ဌာန်ကျင့်စဉ်

ဗုဒ္ဓဘာသာဆိုသည်မှာ စိတ်ကို သတိဖြင့်သဘာဝအကျဆုံး ထိန်းကျောင်းတဲ့ကျင့်စဉ်တရားဖြစ်ပါတယ်။
ဗုဒ္ဓဘာသာတွင် စိတ်သည်အရေးအကြီးဆုံးကဏ္ဍတရပ်ပင်ဖြစ်သည်။ ထို့ကြောင့်လည်း စိတ်ကို အမြင့်မြတ်ဆုံး
ဖြစ်အောင် ထိန်းသိမ်းရလေသည်။ အဘယ့်ကြောင့်ဆိုသော် ယထာဘူတ အမြင်မှန်ရရှိသူသာလျှင် ပညာဥာဏ်
ရရှိနိုင်၍ သစ္စာတရားကို သိမြင်နိုင်သောကြောင့်ဖြစ်သည်။
ဗုဒ္ဓဘာသာ၏ မူလအခြေခံအရင်းအမြစ်မှာ သစ္စာ ၄-ပါးတရားတော်ပင်ဖြစ်သည်။ ထိုသစ္စာတရား၎-ပါးမှာ
(၁) ဒုက္ခသစ္စာ- ဆင်းရဲခြင်းအမှန်တရား (၂) သမုဒ္ဒယသစ္စာ- ဆင်းရဲခြင်း၏အကြောင်းအမှန်တရား
(၃) နိရောဓသစ္စာ- ဆင်းရဲခြင်း၏ချုပ်ငြိမ်းခြင်းအမှန်တရား(၄) မဂ္ဂသစ္စာ- ဆင်းရဲခြင်း၏ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့
ရောက်ကြောင်းဖြစ်သော အကျင့်အမှန်တရးတို့ပင်ဖြစ်သည်။
ဒုက္ခဆင်းရဲအပေါင်းတို့၏ ဖြစ်ခြင်းဟူသောဇစ်မြစ်မှာ ခန္ဓာငါးပါး အစုအဝေးဖြစ်ရာဘဝပင်ဖြစ်သည်။
ဤဘဝမှာလည်းတဏှာ၏ မလွှဲမရှောင်သာသော အကျိုးတရားဆက်ပင်ဖြစ်သည်။အမှန်တရားကို မသိမှု
တည်းဟူသော အဝိဇ္ဇာကြောင့် ဘဝဖြစ်လာရသည်၊ တဏှာသမုဒယကြောင့် ဘဝတွေဆက်ကာဆက်ကာ
ကျင်လည်ရပြန်သည်။
ဘယပြတ်စဲရန်မှာ ခန္ဓာငါးပါး ကုန်ဆုံးပျောက်ပျက်ခြင်းရှိမှသာ လျှင်ဖြစ်၏။ မဂ္ဂင်ရှစ်ပါးတရားတော်ကို
ကျင့်ကြံအားထုပ်ခြင်းဖြင့် လူသား၏တဏှာလောဘစိတ်တို့ကို ခန်းခြောက်စေကုန်၏။ ထိုမဂ္ဂင်ရှစ်ပါးတရား
တော်မှာ(၁) သမ္မာဒိဋ္ဌိ- မှန်ကန်သောအမြင်ရှိခြင်း၊(၂) သမ္မာသင်္ကပ္ပ- ကောင်းစွာမှန်သောအကြံကိုကြံခြင်း
(၃) သမ္မာဝါစာ-မှန်သောစကားကိုပြောဆိုခြင်း၊ (၄)သမ္မာကမ္မန္တ- မှန်သောအမှုကိုပြုခြင်း၊ (၅) သမ္မာအာဇီဝ-
မှန်သောအသက်မွေးမှုကိုပြုခြင်း၊(၆)သမ္မာဝါယာမ- မှန်သောအားထုတ်မှုရှိခြင်း၊(၇)သမ္မာသတိ-မှန်သောသတိ
ရှိခြင်း၊(၈) သမ္မာသမာဓိ- မှန်သောတည်ကြည်ငြိမ်သက်ခြင်းတို့ပင်ဖြစ်သည်။သမုဒယသစ္စာတဏှာလောဘ
ခန်းခြောက်ပျက်စီးမှသာလျှင် မဂ်ဖိုလ်တရား၎-ပါးသို့ ဆိုက်ရောက်မည်ဖြစ်သည်၊ မဂ်ဖိုလ်တရား၎-ပါး
ဆိုက်ရောက်မှ နိဗ္ဗာန်သို့မျက်မှောက်ပြုလေသည်၊ တဏှာလောဘမှ မလွတ်မြောက်လျှင်နိဗ္ဗာန်ကိုမမြင်နိုင်။
မရနိုင်ကြပေ။
မြတ်စွာဘုရား၏ အခြေခံတရားတော်အရ ပဋိသန္ဓေနေရခြင်းမှာ အဝိဇ္ဇာနှင့်တဏှာ၏မှုလအကြောင်းအရင်း
ကြောင့်ဖြစ်သည်။တနည်းအားဖြင့် သက္ကာယဒိဋ္ဌိမှ ပေါက်ဖွားလာသည့် သံယောဇဉ်တွယ်တာမှုကြောင့်ဖြစ်သည်။
ပဋိသန္ဓေနေခြင်းသည် ဒုက္ခဆင်းရဲအပေါင်း၌သာ အဆုံးသတ်ရလေတော့သည်။
ထို့ကြောင့်ပင် ဗုဒ္ဓမြတ်စွာသည် တပ်မက်စွဲလမ်းခင်တွယ်မှု အမျိုးမျိုးကိုပယ်စွန့်၍ သစ္စာလေးပါးအမြိုက်တရား
(သို့မဟုတ်) ဝိဇ္ဇာဥာဏ်ကို ထိုးထွင်းသိရှိနိုင်ရန် သတ်ပဋ္ဌာန်ကျင့်စဉ်ကို အစဉ်မပြတ်ရှု့ပွားအားထုပ်ဘို့ရန်
မိမိ၏တပည့် သာဝကများအား ဟောကြားဆုံးမတော်မှုခဲ့လေသည်။
ဗုဒ္ဓတရားတော်၏ လမ်းဆုံးပန်းတိုင်မှာ ဗောဓိဥာဏ်၊သို့မဟုတ် ဝိဇ္ဇာဥာဏ်၊သစ္စာဥာဏ်ရရှိမှုပင်ဖြစ်သည်။
ဗုဒ္ဓတရားတော်၏ အဓိကရည်ရွယ်ချက်မှာ ဒုက္ခခပ်သိမ်းကင်ငြိမ်းရာ နိဗ္ဗာန်ကိုရရှိစေရန်ပင်ဖြစ်သည်။
တနည်းအားဖြင့်ဆိုသော် ဗုဒ္ဓတရားကျင့်စဉ်တရပ်လုံးမှာ သစ္စာအမှန်တရားကို ကောင်းစွာရှု့မြင်သည့်
ကျင့်စဉ်လုပ်ရပ်နည်းပင်ဖြစ်သည်။ သတိပဋ္ဌာန်ကျင့်စဉ်၊ သို့မဟုတ်အစဉ်အမြဲသတိဖြင့် ရုပ်နာမ်ခန္ဓာပေါ်တွင်
ရှုပွားနေခြင်းဖြင့် သင်္ခါရဓမ္မအားလုံးတို့၏ အဖြစ်အမှန်ဧကန်သဘာဝကို ယထာဘူတဟုတ်တိုင်းမှန်စွာ
သိမြင်နိုင်လေ၏။

မိမိ၏ ကိုယ်ခန္ဓာရုပ်အစုအဝေးကိုဖြစ်စေ၊ သူတပါး၏ရုပ်ခန္ဓာအစုအဝေးကိုဖြစ်စေ၊ တွေးတောဆင်ခြင်
ရှုပွားကြည့်လျှင် ထိုကိုယ်ခန္ဓာရုပ် အစုအဝေးတို့မှာ မတည်မမြဲဘဲ အနှစ်သာရအတ္တဝိဥာဏ်ဘာမှမရှိသော
သဘောရှိကြောင်း ဥာဏ်အမြင်ပေါ်ထွက်လာသည်။ ဤသဘောတရားသိမြင်ခြင်းသည် မျက်လှည့်ဆရာပမာ
အမြင်များမှု ဝိပ္ပလာသအပေါ် အခြေခံနေသည့် ပုဂ္ဂိုလ်သတ္တဝါ သူငါဟူသော သက္ကာရဒိဋ္ဌိတရားဆိုးကြီး
ဆုံးခန်းတိုင်ရောက်စေသည့်ပြင်၊ ဒုက္ခများစွား သံသရာမှလည်း လွတ်မြောက်စေလေသည်။
လူသတ္တဝါတို့ သံသရာဘဝမှလွတ်မြောက်ဘို့ရန်နှင့် အဆက်မပြတ်ထပ်တလဲလဲ ပဋိသန္ဓေနေရခြင်း
ဆင်းရဲဒုက္ခအပေါင်းမှ ကင်းဝေးဘို့ရန်အတွက်သစ္စာလေးပါးဖြစ်သော ဆင်းရဲခြင်းအမှန်တရား။
ဆင်းရဲခြင်း၏ဖြစ် ကြောင်းအမှန်တရား ။ဆင်းရဲခြင်း၏ချုပ်ငြိမ်းရာအမှန်တရား ။ဆင်းရဲခြင်း၏ ချုပ်ငြိမ်း
ရာနိဗ္ဗာန်သို့ ရောက်ကြောင်းအမှန်တရာတို့ကို ထိုးထွင်း၍ ဧကန်သိမြင်နိုင်ဘို့ရန် မိမိကိုယ်ကို မိမိအားကိုး
အားထားပြုရမည်ဖြစ်သည် ။မိမိကိုယ်ကို မိမိမှတပါးအခြားမည်သူမျှ မကယ်တင်နိုင်ပေ။နိဗ္ဗာန်ရောက်ကြောင်း
တရားကိုလည်း မိမိကိုယ်တိုင်ပင်ကျင့် ကြံအားထုတ်မှသာ အမှန်စင်စစ်ရနိုင်မည်သာတည်း`။
ပု၈္ဂိုလ်တယောက်၏ အသိဥာဏ် တိုးတက်ပွားများလာအောင်အလို့ငှါ စိတ်ကို လေ့ကျင့်ရန်များစွာ
လိုအပ်ပေသည်။.ယင်းသို့အသိဥာဏ် တိုးတက်ပွားများလာရန် အလို့ငှာ ထိုစိတ်လေ့ကျင့်မှုကို နည်းလမ်းတကျ
ကျင့်ကြံအားထုတ်ရမည်ဖြစ်သည် ၊၊ မိမိကိုယ်တိုင် ကျင့်ကြံအားထုတ်ခြင်းဖြင့် ကိုယ်တွေ့သိမြင်လာမှသာ အမှန်တရားကိုသဘောပေါက်နားလည်နိုင်ပေသည်၊၊ယင်းသို့ဖြစ်၍ သတိပဋ္ဌာန်ကျင့်စဉ်ဖြင့် မှန်သောအသိဥာဏ်
ကို ရရှိနိုင်ကြောင်း ထင်ရှားလှပေသည်၊။
ဗုဒ္ဓတရားတော်တွင် ကျွှန်ုပ်တို့၏ကိုယ်ခန္ဓာကို ရှုမြင်ဆင်ခြင်ခြင်းတည်းဟူသော ကာယနုပဿနာ သတိပဋ္ဌာန်
ကို၎င်း။ခံစားခြင်းကို ရှုမြင်ဆင်ခြင်ခြင်း တည်းဟူသော ဝေဒနာနုပဿနာ သတိပဋ္ဌာန်ကို၎င်း။ စိတ်၌ကျရောက်
ဖြစ်ပေါ်လာသော အစဉ်ကို ရှုမြင်ဆင်ခြင်ခြင်းတည်းဟူသော စိတ္တာနုပဿနာ သတိပဋ္ဌာန်ကို၎င်း။
ဓမ္မသဘာယအားဖြင့် ဖြစ်ပေါ်လာသော အစဉ်ကို ရှုမြင်ဆင်ခြင်ခြင်း တည်းဟူသောဓမ္မာနုပဿနာ သတိပဋ္ဌာန်
ကို၎င်း။အစဉ်တစိုက် ရှု။မှတ်။ပွားများရ၏။။ စိတ်ကိုလေ့ကျင့်ရာ၌ သတိတရားသည် အလွန်အရေးကြီးလှပေ၏။
စိတ်လေ့ကျင့်မှုတိုးတက်ရန် အတွက် နည်းလမ်းမှာ (၁)ကာယ။(၂)ဝေဒနာ။(၃)စိတ်။(၄)ဓမ္မတည်းဟူသော
သတိပဋ္ဌာန်လေးမျိုးကို ရှုမြင်ဆင်ခြင်ရမည်ဖြစ်၏
မဂ္ဂင်ရှစ်ပါးမှ သမ္မာသတိမဂ္ဂင်တွင် အပါအဝင်ဖြစ်သော သတိမြဲစေအပ်သည့် ဘာဝနာလေးမျိုးကို သတိ
ပဋ္ဌာန်ဟုခေါ်သည်။ သတိပဋ္ဌာန်တရားလေးပါးတို့မှာ မဂ္ဂင်ရှစ်ပါးအကျင့်၌ အဓိကဖြစ်သောအကျင့်တရားများဖြစ်
ပေသည်၊ထိုတရားများကို ပွားများအားထုတ်ခြင်းသည် မဂ္ဂင်ရှစ်ပါးအားလုံးကိုကျင့်သည်မည်ပေတော့၏
ထိုသတိပဋ္ဌာန်တရားလေးပါးကို ပွားများအားထုတ်ခြင်းသည် အေးငြိမ်းရာဖြစ်သော ချမ်းသာသုခကိုရရှိ၍
နိဗ္ဗာန်သို့ရောက်ရှိစေနိုင်သည့်တစ်ခုတည်းသောလမ်းနှင့်တစ်ကြောင်းတည်းသောအကျင့်လမ်းမှန်ဖြစ်ပေသည်
သတိပဋ္ဌာန်ကျင့်စဉ်သည်သာ နိဗ္ဗာန်သို့ရောက်ရန်တစ်ကြောင်းတည်းသောလမ်းဟူ၍ ဗုဒ္ဓမြတ်စွာကဟောတော်
မူခဲ့သည် ၊
တကြောင်းတည်းသာဖြစ်သော ဤမဂ်ခရီးသည် သတ္တဝါတို့ကိုကိလေသာအညစ်အကြေးမှ စင်ကြယ်ခြင်း
ှငှါ။ စိုးရိမ်ငိုကြွေးခြင်းတို့ကို လွန်မြောက်ခြင်းငှါ။ ဆင်းရဲခြင်းနှလုံးမသာယာခြင်တို့မှ ချုပ်ငြိမ်းခြင်းငှါ။
အရိယာမဂ်ကိုရခြင်းငှါ။ နိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်းငှါဖြစ်၏၊ ထိုမ၈်ခရီးသည် လေးပါးသော သတိပဋ္ဌာန်တရား
ပင်တည်းဟု မြတ်စွာဘုရားသည် တပည့်သာဝကတို့အား ဟောကြားမိန့်မြွက်တော်မူခဲ့၏။

ပုဂ္ဂိုလ်တဦးဦးသည်မိမိကိုယ်ခန္ဓာ၏ရုပ်အစုအဝေးကိုဖြစ်စေ။ခံစားမှုဝေဒနာကိုဖြစ်စေ။မှတ်သားမှုသညာကို
ဖြစ်စေ။ စိတ်အာရုံမျိုးစုံပြုပြင်မှုသခ်ါရကိုဖြစ်စေ။ အသိစိတ်ဝိညာဏ်ကိုဖြစ်စေ ခွဲစိတ်ပိုင်းခြား၍သော်၎င်း။
အခြားအနုစိတ်နည်းအားဖြင့်သော်၎င်း။ ခွဲခြမ်းစိတ်ဖြာ၍ကြည့်လျှင် အတ္တ ငါ ဆိုသည်မှာမည်သည့်နေရာမှာ
မျှ ရှာဖွေ၍မတွေ့မြင်နိုင်ကြောင်း နောက်ဆုံး၌အမှန်ကိုသိမြင်လာပေလိမ့်မည်၊မိမိထင်မြင်ယူဆခဲ့သည့် ငါ .
သို့မဟုတ် ကိုယ်အကောင် ဆိုသည်မှာ ကိုယ်ခန္ဓာရုပ်အစုအပေါင်း၏ အမည်သညာမျှသာဖြစ်သည်၊ဤအတ္တ
ငါ .ဟူသောသက္ကာယအစွဲမှာ သစ္စာအမှန်တရားကို တွေ့မြင်ရာလမ်းကြောင်းတွင် အလွန်တရာအများဆုံး
ပိတ်ဆို့နေသည့် စွဲလမ်းမှုအမြင်မှားပင်ဖြစ်သည်၊။
အချင်း ရောဟိတဿနတ်သား လောက၏ အဆုံးနိဗ္ဗာန်ကို မရောက်ဘဲ ဆင်းရဲ၏အဆုံးပြုခြင်းကို
လည်း ငါဟောတော်မမှုအချင်းနတ်သားစင်စစ်အားဖြင့်သညာလည်းရှိစိတ်လည်းရှိသော တလံ မျှလောက်သော
ဤခန္ဓာကိုယ်၌ လောက (ဒုက္ခသစ္စာ)ကို၎င်း လောက၏ဖြစ်ပေါ်ကြောင်း(သမုဒယသစ္စာ)ကို၎င်း လောက၏
ချုပ်ရာနိဗ္ဗာန်(နိရောဓသစ္စာ)ကို၎င်း လောက၏ချုပ်ရာနိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်(မဂ္ဂသစ္စာ)ကို၎င်း
ငါပညတ်တော်မူ၏။ဟု သံယုတ် ၃.နာနာတိတ္တိယဝဂ် ၆။ရောဟိတဿသုတ်၌ တွေ့ရှိနိုင်ပါသည်။။
ဤစာအုပ်တွင် ကျေးဇူးရှင် တောင်ပုလုတောရ ကမ္ဘာဧဆရာတော်ဘုရားကြီးကိုယ်တိုင် အားထုတ်၍
ဟောကြားတော်မူသော ဆံပင်အစရှိသည့်ရုပ်အပေါင်၌ဖြစ်သော ကာယဂတာ သတိပဋ္ဌာန်ကျင့်စဉ်နည်းလမ်း
သည်၎င်း ။မြတ်စွာဘုရားဟောကြားတော်မူသည်။ အဂုင်္တ္တိုရ်ပါဠိတော် မြန်မာဘာသာပြန် ကာယဂတာသတိဝဂ်
နှင့်အမတဝဂ်ပါ သုံးဆယ့်နှစ်ကောဋ္ဌာသ ကာယဂတာ သတိပဋ္ဌာန်ပွားများခြင်းမှ အမှန်ဧကန်ရရှိသည့် ကျေးဇူးများကိုဖေါ်ပြသည့် ကောက်နုတ်ချက်များသည်၎င်း။ ပါရှိပါသည်။။ ပထဝိ ၂၀ နှင့် အာပေါ ၁၂ ပါဝင်သည်သုံးဆယ့်နှစ်ကောဋ္ဌာသကိုသုံးဆယ်သုံးစုခွဲစိတ်ပြီးပြထားရာ တစုတစုကိုအနည်းဆုံး ငါးရက်ကြာမျှ
ပွားများရမည်ဖြစ်ပါသည်။။ ပါဠိဘာသာဖြင့် ကောဋ္ဌာသဟုခေါ်သော ၃၂-ပါးသောကိုယ်ခန္ဓာအစိတ်အပိုင်း
အစုအပုံတို့ကိုဆံပင်ကစ ကျင်ငယ်ကျအောင်နှုပ်တိုက်ရအောင် ကောင်းစွာကျက်မှတ်ရန်ဖြစ်သည်။။ထို့ပြင်
ဆရာတော်ဘုရားကြီးဤစာအုပ်တွင်ရှင်းပြတော်မူသော ကမ္မဋ္ဌာန်းပွားများအားထုတ်ရန် စည်းကမ်းနည်းလမ်း
များကိုလည်း ကောင်းစွာလေ့လာရန်ဖြစ်သည်။။
ထိုကောဋ္ဌာသဟူသောကိုယ်ခန္ဓာအစိတ်အပိုင်းတို့ကို၎င်းတို့၏အဆင်းသဏ္ဍာန် တည်ရာအရပ်စသည်
အားဖြင့်စိတ်၌အတော်အသင့်ကွက်ကွက်ကွင်းကွင်းထင်မြင်လာသည့်တိုင်အောင်အသွားအပြန်နှုတ်ဖြင့်၎င်း
။စိတ်ဖြင့်၎င်း။ထပ်ကာထပ်ကာရွှတ်ဆိုပွားများနှလုံးသွင်းရန်လိုအပ်ပေသည်။။ထိုကဲ့သို့ထင်မြင်လာပြီးဤစာ
အုပ်တွင်ပြထားသောရှုပွားနည်းများကိုလေ့လာအားထုတ်ရန်ဖြစ်ပေသည်။။
ထိုသို့သရဇ္ဈာယ်ခြင်းအားဖြင့်စီးဖြန်းရှုပွားသော် ကမ္မဋ္ဌာန်း၏ကောဋ္ဌာသနိမိတ်တို့သည် ပိုသည်ထက်
ပိုပြီး ထင်လွယ်မြင်လွယ်ခြင်းအဖြင်သို့ရောက်ရှိလာ၏။။ ရွံရှာဖွယ်ဖြစ်သည့်ပျက်စီးတတ်သောခန္ဓာကိုယ်၏
သဘောကိုလည်း ပိုမိုပွားများရှုမြင်ခြင်းအဖြစ်သို့ရောက်ရှိလာ၏ ။စိတ်ကိုလည်းဟိုဟိုဒီဒီလွင့်ခြင်းမှတားမြစ်
ပြီးလျှင်ကောဋ္ဌာသတို့ကိုပိုမိုထင်မြင်လာစေတော့၏။။
သမာဓိကိုလျှင်မြန်စွာရရှိနိုင်ခြင်းအလို့ငှါမြတ်စွာဘုရားသည်ကာယာနုပဿနာ သတိပဋ္ဌာန်ကို မူလအ
ခြေခံကမ္မဋ္ဌာန်းအဖြစ်ဖြင့်အဓိကထား၍သွန်သင်ဟောကြားတော်မူလေသည်။။ ထိုကမ္မဋ္ဌာန်း၏ အနက်
အဓိပ္ပါယ်မှာကောဋ္ဌာသအပိုင်းအစိတ်ကို မပြတ်မလပ်ရှုပွားဆင်ခြင်ခြင်းဟူ၍မှတ်ယူရန်ဖြစ်သည်။။ထိုကော
ဋ္ဌာသ အပိုင်းအစိတ်တို့ကိုလည်း ပွားများအားထုတ်ရန်အလို့ငှါ ကမ္မဋ္ဌာန်းအာရုံများဟူ၍အမှတ်ပြုရန်ဖြစ်သည်။။

ဝေဒနာနုပဿနာ။စိတ္တာနုပဿနာ။ဓမ္မာနုပဿနာ။တည်းဟူသော အခြားသုံးပါးသောသတိပဋ္ဌာန်တရားတို့ကို
သီးခြားပွားများအားထုတ်ရန်အတွက်မလိုပေ။။ ထိုသုံးပါးသောသတိပဋ္ဌာန်တရားတို့သည်ဆက်ကာဆက်ကာ
အတူတကွယှဉ်တွဲ၍ အကျုံးဝင်ကာဖြစ်ပေါ်လာကြသည်။ တခုကိုရှုမှတ်ပွားများနေသောယောဂီသည်အခြား
နုပဿနာများကိုလည်း ဆက်လက် ရှုမှတ်ပွားများခြင်း ဖြစ်ပေါ်လာသည် ။။ အကြောင်းမူကား ထိုကာယနုပဿ
နာ သတိပဋ္ဌာန်ကိုရှုပွားခြင်းသည် ထိုဆိုခဲ့သည့် အခြားသုံးပါးသော သတိပဋ္ဌာန်တို့ကိုလည်း ဆက်လက်ရှုပွား
အားထုတ်ရန်ဖြစ်စေသော မူလအခြေခံကမ္မဋ္ဌာန်းကြီးဖြစ်လေသည်။။
ကိုယ်ကာယ၏ ကောဋ္ဌာသများကိုနှုတ်ဖြင့် ဆံပင်မှကျင်ငယ်အထိရွတ်ဆိုပွားများစဉ်အခါ၌ပင်စိတ်အာရုံဖြင့်
လည်းဥာဏ်ပေါ်နေအောင်နှလုံးသွင်း၍ ရှုပွားခြင်းကိုပြုရပေသည်။။ ထို့ကြောင့်စိတ်ဖြင့်နှလုံးသွင်းရန်ရရှိဘိုအာနိ
သင်အတွက် နှုတ်ဖြင့်ရွတ်ဆိုပွားများခြင်းသည်။။ လိုရင်းပဓာနအချက်ဖြစ်ပေသည်။။ နှုတ်ဖြင့်ရွတ်ဆိုပွားများသ
ရဇ္ဈာယ်ခြင်းသည်စိတ်ဖြင့်ရှုပွားရခြင်း၏အကြောင်းရင်းဖြစ်၏။။ စိတ်ဖြင့်ရှုပွားရခြင်းသည်ကောဋ္ဌာသများ၏ မတင့်
တယ်သော အသုဘလက္ခဏာသဘောကို ထိုးထွင်း၍သိခြင်း၏ အကြောင်းရင်းဖြစ်၏ ဟူသော ဒေသနာ
စကားရပ်များနှင့်လည်းညီညွတ်ခြင်းဖြစ်ပေသည်။။
လေးပါးသောသတိပဋ္ဌာန်တရားတော်တွင် သက်ဆိုင်ရာကမ္မဋ္ဌာန်းများအနက် ဆံပင်မှကျင်ငယ်အထိ ကိုယ်
ကာယ၏အဓိကအစိတ်အပိုင်းဖြစ်သော ကောဋ္ဌာသအပေါင်းအစုတို့ကို ဆင်ခြင်နှလုံးသွင်းရသော ကာယဂတာ
သတိပဋ္ဌာန်သည်ထူးကဲမွန်မြတ်သော ကမ္မဋ္ဌာန်းဖြစ်သည်ဟူ၍အမှတ်ပြုရန်အရေးကြီးလေသည်။။ သုတ္တန်ဒေသ
နာတော်နှင့်အင်္ဂုတ္တိုရ်နိကာယ်များအရ မြတ်စွာဘုရားရှင်သည်၊၊ ထိုကမ္မဋ္ဌာန်းကိုမဂ္ဂင်ရှစ်ပါးအကျင့်၌လိုအပ်ဆုံး
သော ကျင့်စဉ်လုပ်ငန်းတခုအနေဖြင့်ဟောဖော်ညွှန်ပြတော်မူ၍ တပည့်သာဝကများဖြစ်ကြသော ရဟန်းပုဂ္ဂိုလ်
လူပုဂ္ဂိုလ်အားလုံးကိုခြင်းချက်မထားဘဲ ထိုကမ္မဋ္ဌာန်းကိုသင်အံလေ့လာပွားများအားထုတ်ကြရန်တိုက်တွန်း
တော်မူလေသည်။။
ကာယဂတာသတိကမ္မဋ္ဌာန်းသည်အခြားတပါးသောကမ္မဋ္ဌာန်းများကဲ့သို့ဘုရားမပွင့်သောသာသနာပအခါ
ကာလများ၌ဖြစ်ပေါ်ထင်ရှားခြင်းမရှိပေ။ဘုရားပွင့်တော်မူသောအခါကာလ သာသနာတော်အတွင်း၌သာ ထိန်
လင်းပျံ့နှံဖြစ်ပေါ်သော ကမ္မဋ္ဌာန်းဖြစ်လေသည်။။
ထိုကာယဂတာသတိ ကမ္မဋ္ဌာန်းသည် ကာယာနုပဿနာ သတိပဋ္ဌာန်၏အားလုံးသောပုဗ္ဗအပိုင်းတို့၌မူလ
အခြေခံကမ္မဋ္ဌာန်းဖြစ်ခြင်းကြောင့်တကြောင်း။ ထိုကမ္မဋ္ဌာန်းတမျိုးတည်းကို ပွားများအားထုတ်ခြင်းဖြင့်ပင် အရိ
ယာအဖြစ်သို့ ဧကန်မုချရရှိနိုင်ခြင်းကြောင့်တကြောင်း။ မြတ်စွာဘုရားသည် ထိုကာယဂတာသတိပဋ္ဌာန်ကို
(ဧကောဓမ္မော)တခုတည်းသောတရားဟူ၍ မြွက်ဟဟောကြားတော်မူလေသည်။။ ထိုကမ္မဋ္ဌာန်းကိုလည်း
ဘုရား၏ သာဝကဖြစ်ကြသောလူပုဂ္ဂိုလ်ရဟန်းပုဂ္ဂိုလ်များအားလုံးတို့ပွားများအားထုတ်ရမည့်ကမ္မဋ္ဌာန်းဟူ၍
ပြဋ္ဌာန်းတော်မူလေသည်။။
ထိုသို့သော သုတ္တန်ပါဠိတော်၌ ဘုရားရှင်မိန့်တော်မူသည်မှာ။ရဟန်းတို့ တခုတည်းသောတရားကို ပွားစေ
အပ်သည်ရှိသော်။ ကြီးမားစွာသောထိတ်လန့်မှုဖြစ်ခြင်းငှာ။ ကြီးမားစွာသောသံဝေဂကိုရရှိခြင်းငှာ။ ကြီးမားစွာ
သောအစီးအပွားအလိုငှာဖြစ်၏။။ သံယောဇဉ်အနှောင်အဖွဲ့မှ များစွာလွတ်ငြိမ်းပြတ်စဲစေရန်အလို့ငှာ။ ကြီးမား
စွာသောသတိသံမ္ပဇဉ်ကို ရရှိခြင်းအကျိုးငှာဖြစ်၏။။ ဝိပဿနာဥာဏ်ကိုရရှိခြင်းငှာ မျက်မှောက်သောကိုယ်၏
အဖြစ်၌ ချမ်းသာစွာနေရခြင်းငှာ။ မဂ်ဖိုလ်နိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်းငှာဖြစ်၏။။ ထိုတခုတည်းသောတရားဟူ
သည်အဘယ်နည်း။ ထိုကာယဂတာသတိကမ္မဋ္ဌာန်းပင်တည်း။။ အကြင်သူတို့သည်။ထိုကာယဂတာသတိကမ္မ
ဋ္ဌာန်းကိုပွားများသောအားဖြင့်သုံးဆောင်ကုန်၏။။ ထိုသူတို့သည်သေခြင်းကင်းသောအမြိုက်နိဗ္ဗာန်၏အရသာ
ကိုသုံးဆောင်ရကုန်၏။။ ရဟန်းတို့အကြင်သူတို့သည်ထိုကာယဂတာသတိကမ္မဋ္ဌာန်းကိုပွားများသောအားဖြင့်
မသုံးဆောင်ကုန်။ ထိုသူတို့သည်သေခြင်းကင်းသော အမြိုက်နိဗ္ဗာန်၏အရသာကိုပွားများသောအားဖြင့်မသုံး
ဆောင်ကြရကုန်။အကြင်သူတို့သည် ထိုကာယဂတာသတိကမ္မဋ္ဌာန်းကိုပွားစီးခြင်း၌ ပြည့်စုံစေအပ်၏။။ ထိုသူ
တို့သည်သေခြင်းကင်းသော အမြိုက်နိဗ္ဗာန်၏အရသာကို သုံးဆောင်အပ်ကုန်ပြီ။ မယုတ်ညံ့။ မချွတ်ယွင်း။
မချွတ်ချော်ကြကုန်။။ အကြင်သူတို့သည်ကာယဂတာသတိကမ္မဋ္ဌာန်းကိုမပွားစီးကြကုန်။ ထိုသူတို့သည်သေခြင်း
ကင်းသောအမြိုက်နိဗ္ဗာန်၏အရသာကို မသုံးဆောင်အပ်ပြီ။ ယုတ်ညံ့လေပြီ။ ချွတ်ချော်ကြလေကုန်ပြီ။။
ထို့ကြောင့်ကာယ၏ အစိတ်အပိုင်းဖြစ်သော ကောဋ္ဌာသတို့ကိုအစဉ်အတိုင်း အသွားနည်း အပြန်နည်းအား
ဖြင့် ရက်စဉ်အတိုင်းပွားများသွားပါက ၁၆၅ -ရက်ပြည့်လျှင် ပွားစဉ်တကြိမ် ပြီးစီးသွားလေသည်။။ ဤသို့အား
ဖြင့် ထာဝစဉ်အမြဲ ပွားများအားထုတ်သွားရန်ဖြစ်လေသည်။။ ဥပမာ ဆံပင်။ မွေးညှင်း။ ခြေသည်း။ လက်သည်း။
သွား။အရေ။ဖြစ်သည့် တစပဉ္စက ကမ္မဋ္ဌာန်းကို ရှုပွားခြင်းအားဖြင့်ပင်မဂ်ဖိုလ်နိဗ္ဗာန် ရရောက်ကြကုန်သော
ပုဂ္ဂိုလ်များသည်အလွန်များပြားလှသဖြင့် ဂဏန်းနှင့်ပင်ရေတွက်ခြင်းငှာ မစွမ်းနိုင်။ ထိုသို့သရဇ္ဈာယ်ရှုပွားခြင်း
အားဖြင့် ပွားစီးသောကမ္မဋ္ဌာန်း၏ ကောဋ္ဌာသနိမိတတို့သည်ပိုသည်ထက်ပို၍ ထင်လွယ်မြင်လွယ်ခြင်းအဖြစ်သို့
ရောက်ရှိလာသော်စိတ်ကိုလည်း ထိုမှဤမှပြန့်လွင့်ခြင်းကို တားမြစ်နိုင်ပြီးလျှင်။ကောဋ္ဌာသတို့လည်းပိုမို၍
ဥာဏ်၌ထင်မြင်လာတော့၏။
ထိုပြင် မဟာသတိပဋ္ဌာနံပန ဝိပဿနုတ္တရံနာမကထိကံ ကာယဂတာသတိသုတ္တံ သမထုတ္တရံ(မဇ္ဈိမပဏ္ဏာ
သ။အဋ္ဌကထာ၃။၁၀)ဟူ၍ အဋ္ဌကထာဆရာမြတ် မိန့်ဆိုသည့်အတိုင်း မဟာသတိပဌာန်တရားကို ဝိပဿနာ
ကျင့်စဉ်တွင် အမြင်မြတ်ဆုံး ဖြစ်သည်ဟူ၍၎င်း။ ကာယဂတာသတိသုတ္တံကိုလည်း သမထကျင့်စဉ်တွင် အမြင့်
မြတ်ဆုံးဖြစ်သည်ဟူ၍၎င်း။ ဟောကြားတော်မူသည်။။သို့ဖြစ်ပါ၍ သွား။ရပ်။ထိုင်။လျောင်းက္ကရိယာပုတ်လေးပါး
နှင့်နေသည့်အခါကျွှန်ုပ်တို့သည် သတိတရားလက်ကိုင်ထား၍ သံသရာမှလွတ်မြောက်ရာကျင့်စဉ်ဖြစ်သော ကာ
ယဂတာ သတိပဋ္ဌာန်တရားကိုမြတ်စွာဘုရား၏နောက်ဆုံးတရားတော်နှင့်လျော်ညီစွာကျိုးစားအားထုတ်ပွား
များကြပါစို့။။

ရဟန်းတို့သင်တို့အားယ္ခုငါဘုရားမိန့်မှာတော်မူခဲ့အဲ့။ ပြုပြင်အပ်သောသင်္ခါရတရားတို့သည် ပျက်စီးခြင်းသဘောရှိကုန်၏။။မမေ့မလျော့အပ်သောသတိတရားဖြင့်ပြည့်စုံစွာနေကြကုန်လော့။(ကိစ္စပြီးစီးအောင်အားထုတ်ကြကုန်လော့)ဟုသတိတရားကိုလက်ကိုင်ထားရန်မြတ်စွာဘုရားက နောက်ဆုံးမိန့်
ဖေါ်မှာကြားတော်မူခဲ့၏။။

2009년 2월 1일 일요일

သင်္ဂဟ ဝတ္ထုလေးပါး


ပေးကမ်းရက်ရော၊ အပြောချိုသာ
သူ့ကျိုးဆောင်ရွက်၊ မပျက်စေရာ

တန်းတူကိုယ်နှင့်၊ အသင့်ထားပါ၊

စည်းလုံးမှု၊ လေးခုသင်္ဂဟာ။

ဒါနကထာ ဒေသနာ

ချမ်းသာအပေါင်း၊ ရကြောင်းမှန်စွာ ၊

စည်းစိမ်းဘောဂ၊ မြစ်မတည်ရာ။

အောက်တန်းမကျ၊ ကယ်မသူမှာ

မြတ်ဒါန၊ စိတ်ချကိုးကွယ်ရာ။

သီလကထာ ဒေသနာ

သီလရနံ့၊ မွှေးပျံ့ကြိုင်စွာ၊

သီလဆင်သိုင်း၊ ရှုတိုင်းလှပါ။

သီလစောင့်ငြား၊ မလားပါယ်ရွာ၊

မြတ်သီလ၊ စိတ်ချကိုးကွယ်ရာ။...